ဓားထောက်ပြီး အုတ်နီခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်မှု မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းဖြစ်ပွား

ဓားထောက်ပြီး အုတ်နီခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်မှု မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းဖြစ်ပွား
ဓာတ်ပုံ - စခန်းတာဝန်ခံ ကိုထင်လင်းအောင်

ရန်ကုန်၊ ဇွန်လ ၁၄ ။                ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်း ဆိုင်ကယ်စီးလာသူကို ဓားဖြင့်ထောက်ပြီးအုတ် နီခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်မီးသတ် စခန်းမှ စခန်းတာဝန်ခံ ကိုထင်လင်းအောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဆိုင်ကယ်လုယက်မှုမှာ ဇွန်လ ၁၃ ရက်၊ ည ၉ နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအ တွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူတစ်ဦး ဖုန်းဆက်အကူအညီတောင်းသဖြင့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ သွားရောက်ကူညီခဲ့ရာ ဆိုင်ကယ်အလုခံရသူ အမျိုးသားမှာ ဦးခေါင်းနောက်စိပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲ ဒဏ်ရာနှင့် လက်မောင်းစုတ်ပြဲဒဏ်ရာတို့ ရရှိခဲ့ကြောင်းသိရသည်။

“ဆိုင်ကယ်မောင်းသူရဲ့နောက်မှ ခရီးသည်သဘောမျိုးပေါ့ စုံတွဲတစ်တွဲပါတယ်။ ဆိုင်ကယ်မောင်းလာတယ်တဲ့။ မောင်းလာတဲ့အချိန်မှာ နောက်က ယောင်္ကျားလေးသုံးယောက်စီးတဲ့ ဆိုင်ကယ်က ကပ်လိုက်လာပြီး လေးခွနဲ့ လှမ်းပစ်တယ်တဲ့။ လေးခွနဲ့ပစ်တော့ ဆိုင်ကယ်ထိုးရပ်လိုက်တော့ နောက်ကစုံတွဲကို ဓားတွေထောက်ထားတယ်။ ထောက်ထားပြီးတော့မှ ဆိုင်ကယ်သမားခေါင်းကို အုတ်ခဲနဲ့ထုတယ်။ ဟိုစုံတွဲကတော့ ကြောက်ပြီးထွက်ပြေးသွားတယ်။ တရားခံကမမိသေးဘူး။ ဒီဘက်မှာ အဲ့ဒီလိုဖြစ်ရင် မမိတာ နည်းနည်းများတယ်။ အဲ့ဒီနားမှာ လူလည်းပြတ်တော့ ဒီကောင်တွေက အငိုက်လုပ်ကြတာ”ဟု စခန်းတာဝန်ခံ ကိုထင်လင်းအောင်က ပြောသည်။

အဆိုပါ ဒဏ်ရာများရရှိခဲ့သော ဆိုင်ကယ်အလုခံရသူ အမျိုးသားကို ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီ ဆေးရုံကြီးသို့ အချိန်မှီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားထောက်၊ ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်ခဲ့သူ အမျိုးသားသုံးဦးကို ဖမ်းဆီးရမိနိုင်ရန် မင်္ဂလာဒုံမြို့ မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required