ကော်စတာအတွက် ကမ်းလှမ်းမှုများစွာ ရရှိထားပြီဟု အစ်ကိုဖြစ်သူပြော

ကော်စတာအတွက် ကမ်းလှမ်းမှုများစွာ ရရှိထားပြီဟု အစ်ကိုဖြစ်သူပြော

ဇွန် ၁၄၊ အင်္ဂလန် ။            ။ ချယ်လ်ဆီးနှင့် စပိန်တိုက်စစ်မှူးကော်စတာအတွက် ကမ်းလှမ်းမှုများစွာရရှိထားပြီဖြစ်ကြောင်း ကစားသမား၏ အစ်ကိုဖြစ်သူက ဖွင့်ဟပြောဆိုလိုက်သည်။

ကောစတာသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအတွက် ဂိုး ၂၀ အထိသွင်းယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သော်လည်း နည်းပြကွန်တီက လာမည့်ရာသီတွင် သူ၏အစီအစဉ်၌ကော်စတာကို မလိုအပ်တော့ကြောင်း ဖုန်းမှတစ်ဆင့် မက်ဆေ့ပေးပို့ခဲ့သည်။

ကော်စတာ၏ အစ်ကိုဖြစ်သူ ဂျေအဲကော်စတာက ‘ကျွန်တော့်ညီ ကံကောင်းပါတယ်။ အခု သူ့ကို ကမ်းလှမ်းမှုတွေအများကြီး ရထားပါပြီ။ ဘယ်လောက်များတယ်ဆိုတာတော့ ကျွန်တော်မပြောနိုင်ပါဘူး’ ဟု ဆိုသည်။

ကမ်းလှမ်းမှုများစွာ ရှိသော်လည်း တရုတ်သို့ ကော်စတာ ပြောင်းမည်မဟုတ်ကြောင်းလည်း ဂျေအဲက ဆိုသည်။ ‘တရုတ်ကို ပြောင်းဖြစ်မယ်လို့ မထင်ပါဘူး။ နောက်နှစ်မှာက ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေပါတယ်။ ကော်စတာက ကမ္ဘာ့ဖလားကစားချင်ပါသေးတယ်။ ဒါကြောင့် ဥရောပမှာပဲ ရှိနေမှာပါ’ ဟု ဆိုသည်။

ကော်စတာသည် ချယ်လ်ဆီးအသင်းအတွက် ပွဲ ၁၂၀ ကစားပေးထားပြီး ၅၈ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ချန်ပီယံဆု ၂ ကြိမ် ရရှိထားသည်။

ရည်ညွှန်း sportsmole

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required