မကာအိုနှင့်ပွဲ အနိုင်ရလဒ်အပေါ်ကျေနပ်မိသည်ဟု မြန်မာအသင်းနည်းပြချုပ်ဂတ်ဇီဆီပြော

မကာအိုနှင့်ပွဲ အနိုင်ရလဒ်အပေါ်ကျေနပ်မိသည်ဟု မြန်မာအသင်းနည်းပြချုပ်ဂတ်ဇီဆီပြော
 မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီဆီ (ဓါတ်ပုံ MFF)

ဇွန် ၁၄၊ မကာအို။              ။ ၂၀၁၉ အာရှဖလားခြေစစ်ပွဲတတိယအဆင့် အုပ်စုပွဲတွင် မကာအိုအသင်းကို အဝေးကွင်း၌ ၄-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့် ရလဒ် အပေါ် ကျေနပ်မိကြောင်းနှင့်   မြန်မာပရိသတ်များကို ကျေးဇူးတင်ကြောင်း မြန်မာလက်ရွေးစင်အသင်းနည်းပြ ဂတ်ဇီဆီက ပြောသည်။

ခြေစစ်ပွဲအဖွင့်ပွဲတွင် အိန္ဒိယကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် ရှုံးထားသည့် မြန်မာအသင်းသည် ဒုတိယပွဲတွင်မူ မကာအိုအသင်းကို စည်သူအောင်၊ ကျော်ကိုကို၊ မင်းမင်းသူတို့၏ ဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

“ဒီနေ့ပွဲရလဒ်အတွက် ကျေနပ်ပါတယ်။ မကာအိုအသင်းဟာလည်း ဒီနေ့ပွဲမှာ ကြိုးစားကစားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော်တို့ နိုင်ခဲ့တယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အမှားတွေလုပ်မိတာတွေ ရှိပါတယ်။

ဒါပေမဲ့ ပထမပိုင်းမှာပဲ ကျွန်တော်တို့ နှစ်ဂိုးရခဲ့တယ်။ ပထမဆုံးဂိုးဆိုရင် ထောင့်ကန်ဘောကနေ ကျွန်တော်တို့ အကြိမ်ကြိမ် လေ့ကျင့်ထားခဲ့တဲ့အတိုင်းပဲ ဖြစ်ခဲ့ပါတယ်။ လာရောက်အားပေးတဲ့မြန်မာပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

မြန်မာလူမျိုးတွေဟာ ဘောလုံးကို အားပေးတဲ့နေရာမှာ နံပါတ်တစ် ပါပဲ။ ကျွန်တော်တို့ ဘယ်နိုင်ငံမှာပဲကစားသည်ဖြစ်စေ မြန်မာ ပရိသတ်တွေအပြည့် အားပေးကြပါတယ်။ စင်ကာပူမှာ ဂျပန်ကလပ်နဲ့ ခြေစမ်းပွဲမှာလည်း ကွင်းပြည့်တဲ့အထိ အားပေးခဲ့ကြပါ တယ်။ ဒီအတွက် မြန်မာပရိသတ်တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်”ဟု ဂတ်ဇီဆီက ပြောသည်။

မြန်မာအသင်းအတွက်ဂိုးများကို ပွဲချိန် ၄ မိနစ်နှင့် မိနစ် ၆၀ တွင် စည်သူအောင်၊ ပွဲချိန်မိနစ် ၃၀ တွင် ကျော်ကိုကိုနှင့် ပွဲချိန် ၇၄ မိနစ်တွင် မင်းမင်းသူတို့က သွင်းယူခဲ့ကြသည်။

နှစ်ဂိုးသွင်းနိုင်ခဲ့သည့် တောင်ပံကစားသမား စည်သူအောင်က မဖြစ်မနေနိုင်ရမည်ဆိုသည့်စိတ်ဖြင့် အသင်းသားအားလုံး ညီညွတ်စွာကြိုးစားခဲ့၍ အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

အုပ်စု (က)တွင် အခြားပွဲ၌ အိန္ဒိယက ကာဂျစ်စတန်ကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့၍ နှစ်ပွဲကစား၊ နှစ်ပွဲလုံးနိုင်ပြီး အမှတ်ပေးဇယားထိပ် တွင် ရပ်တည်နေသည်။

မြန်မာအသင်းသည် ကာဂျစ်စတန်နှင့်အမှတ်တူသော်လည်း ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာ၌ ရပ်တည်နေသည်။ ခြေစစ်ပွဲများကို အိမ်၊ဝေး နှစ်ကျော့ကစားပြီးနောက် အုပ်စုပထမနှင့် ဒုတိယရသည့်အသင်းတို့ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။

မြန်မာအသင်းသည် ခြေစစ်ပွဲ တတိယမြောက်ပွဲကို စက်တင်ဘာ ၅ ရက်တွင် ကာဂျစ်စတန်အသင်းနှင့် အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly