FARC ပျောက်ကျားသူပုန်များ လက်နက်စွန့်လွှတ်သောနေ့ကို သမိုင်းဝင်နေ့ဟု ကိုလံဘီယာသမ္မတ ပြောကြား

FARC ပျောက်ကျားသူပုန်များ လက်နက်စွန့်လွှတ်သောနေ့ကို သမိုင်းဝင်နေ့ဟု ကိုလံဘီယာသမ္မတ ပြောကြား

ကာလီ၊ ကိုလံဘီယာ ဇွန် ၁၄  ။              ။ ကိုလံဘီယာနိုင်ငံအတွင်းရှိ FARC ပျောက်ကျားသူပုန်အဖွဲ့သည် နှစ်ပေါင်းရှည်ကြာ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီခဲ့ပြီး ၎င်းတို့၏ လက်နက်များကို ကုလသမဂ္ဂတပ်ဖွဲ့များထံ အပ်နှံအပြီးတွင် သမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်က ထိုနေ့သည် သမိုင်းတွင်မည့်နေ့ဟု အင်္ဂါနေ့ကပြောကြားခဲ့သည်။

“ဒီနေ့ဟာ သမိုင်းတွင်မည့်နေ့ဆိုတာ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ လွန်ခဲ့တဲ့နှစ်များက ဖြစ်လာနိုင်မယ်လို့ တစ်ခါမှမတွေးဘူးတဲ့ အခြေအနေမျိုးကို ကျနော်တို့ ရုပ်သံကနေ ကြည့်ရှုမြင်တွေ့နေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခက်ခဲ့တဲ့အခြေအနေတွေကို ကျော်ဖြတ်လာနိုင်အောင် ကူညီပေးခဲ့ကြတဲ့ နှစ်ဖက်စလုံးက လူတွေရဲ့ ခိုင်မာတဲ့သန္နိဌာန်ကြောင့် ဒီလိုနေ့မျိုးဖြစ်လာရတာပါ” ဟု ဆန်းတို့စ်က ကာလီမြို့တွင် ပြုလုပ်ခဲ့သော အခမ်းအနားတွင် ပြောခဲ့သည်။

ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း နိုင်ငံတကာမှ စိစစ်အတည်ပြုမှုကို ဦးဆောင်ပြုလုပ်ပေးရန် စပိန်ဝန်ကြီးချုပ်ဟောင်း ဖိလစ်ပီဂွန်ဇာလက်ဇ်နှင့် ဥရုဂွေး သမ္မတဟောင်း ဟိုဆေးမူဂျီကာတို့သည် သမ္မတဆန်းတို့စ်နှင့်အတူ ကာလီမြို့သို့ ရောက်ရှိနေသည်။

“ကျနော်တို့ အရေးပါတဲ့ခြေလှမ်းတစ်ခုကို နင်းလျှောက်နေတာဖြစ်ပါတယ်။ FARC အဖွဲ့ဟာ သူတို့ရဲ့ လက်နက် တွေကို စွန့်လွှတ်လိုက်ပါပြီ” ဟု ဆန်းတို့စ်က ပြောခဲ့သည်။

လွန်ခဲ့သော ကြာသာပတေးနေ့က FARC အဖွဲ့သည် ၎င်းတို့အဖွဲ့မှ လက်နက် ၃၀ရာခိုင်နှုန်းခန့်ကို ကုလသမဂ္ဂ ထံ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ယခုအပတ် အင်္ဂါနေ့တွင် နောက်ထပ် ၃၀ရာခိုင်နှုန်းခန့်ကို ထပ်မံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ နောက်ထပ်လွှဲပြောင်းမှုကို လာမည့်ဇွန်လ ၂၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ကျန်ရှိနေသော ၄၀ ရာခိုင်နှုန်းခန့်ကို ပေးအပ်မည်ဖြစ်သည်။

“ ဒီနေ့ လက်နက်လွှဲပြောင်းပေးမှုဟာ နှစ်ဘက်စလုံးကသူတွေရဲ့ ချမှတ်ထားခဲ့တဲ့ ကတိကဝတ်တွေအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယုံကြည်မှုဆိုတဲ့ စကားလုံးကို ပိုမိုပြီး တည်ကြည်ခိုင်မာစေတာဖြစ်ပါတယ်” ဟု သမ္မတ ဆန်းတို့စ်က ပြောခဲ့သည်။

“ငြိမ်းချမ်းရေးသဘောတူညီချက်ကို သေသေချာချာ တွေးတောပြီးမှ ပြုလုပ်ခဲ့တာဖြစ်ပြီး ထပ်ခါတလဲလဲဖြစ်ပျက် နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် စီမံထားတာဖြစ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required