ရေဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်းနီးပါးရှိဟု မွေး/ရေ ဌာနထုတ်ပြန်

ရေဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်းနီးပါးရှိဟု မွေး/ရေ ဌာနထုတ်ပြန်

နေပြည်တော် (မဇ္ဈိမ) ။ ။ နိုင်ငံအဝှမ်းရှိ ရေကြီးနစ်မြုပ်မှုများကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း (၉၇၉၃) တစ်သောင်းနီးပါးရှိသည် ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဩဂုတ် ၂ ရက်စွဲဖြင့် သတင်းထုတ်ပြန် လိုက်သည်။

အဆိုပါ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ မွေး/ရေ ဝန်ကြီးဌာနတစ်ခုတည်းနှင့် အကျုံးဝင်သည့် ဆုံးရှုံးမှုတန်ဖိုးမျှသာ ရှိသေးသည်။

ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့် လေပြင်းတိုက်ခတ်မှုများတွင် တိရိစ္ဆာန်များ သေကြေပျက်စီးမှု၊ ငါးကန်၊ ပုစွန်ကန်များ ပျက်စီးမှု၊ ငါးဖမ်းကိရိယာများနှင့် ငါးဖမ်းရေယာဉ်များ ပျက်စီးမှု၊ ဌာနပိုင်အဆောက်အဦများ ပျက်စီးမှု၊ ကျေလက် လမ်းတံတားများ ပျက်စီးမှုတို့ကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း တစ်သောင်းနီးပါး ရှိသည်ဟု မွေး/ရေက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ဆောင်သွားမည်ဟု မွေး/ရေ က ထုတ်ပြန်ထားပြီး နိုင်ငံတော်၏ သဘာဝဘေးထောက်ပံ့ငွေနှင့် နိုင်ငံတော်သမ္မတသီးသန့်ရံပံငွေဖြင့် သုံးစွဲသွားမည်ဟု ဆိုသည်။

မွေး/ရေ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်တစ်ခုတည်းတွင်ပင် ခိုင်းနွား ၂၉ကောင်၊ ဝက် ၅၀ ကောင်၊ ဥစားကြက် ၃၅၃၀ကောင် သေဆုံးခဲ့သလို ပုစွန်ကန် ၁၀၃၄၆ဧကလည်း ပျက်စီးဆုံးရှုံးသွားသည်။ ထို့ပြင် ကျေးလက်တံတား ၁၁စင်းလည်း ပျက်စီးသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အပြင် အခြား တိုင်းနှင့် ပြည်နယ်များဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ရှမ်း၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် တနင်္သာရီတို့တွင်လည်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးချင်း မတူညီသော်လည်း အလားတူပင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required