ခြောက်ခြောက် ကြောက်ကြောက်

ခြောက်ခြောက် ကြောက်ကြောက်
မန္တလေးအခြေစိုက် မီဒီယာသမားများမှ ပုဒ်မ ၆၆ (ဃ)ကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချသည့် လှုပ်ရှားမှု ကို ၂၀၁၇ ခုနှစ် ဇွန်လ ၈ ရက်၊နံနက်ပိုင်းက စတင်ပြီး လှုပ်ရှားမှုများပြုလုပ်စဉ်။ဓာတ်ပုံ ဘိုဘို မဇ္ဈိမ

၆၆(ဃ)အကြောင်း မောင်မှန်ရေးမှ ဖြစ်တော့မယ်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုင်နက်ထဲမှာပဲ ကျောထဲက စိမ့်လာပါတယ်။ (ချက်ခြင်းကြီး မိုးအေးလာလို့ပါ။ ကြောက်လို့ မဟုတ်ပါဘူး) ရေးမှ ဖြစ်တော့မယ်လို့ စဉ်းစားမိတာ စိတ်ကြီးဝင်တဲ့သဘောပဲ။ ငါပါမှ ဖြစ်မယ်၊ ငါလုပ်မှပြီးမယ်၊ ငါစွမ်းမှ အောင်မယ် ဂလိုမျိုး စိတ်ကြီးဝင်တာပေါ့လေ။ ဒါပေမဲ့ မိုးကလေးအေးလို့ ကျောထဲ စိမ့်လာပြန်တော့ စဉ်းစားမှုက ပြောင်းသွားပြန်ရော။ ငါမပါလည်း ဘာဖြစ်လဲ၊ ငါမလဲလည်း ပြီးမှာပါ၊ ငါမစွမ်းလည်း အောင်မှာပဲ စသဖြင့်ပေါ့ စိတ်ကလေး ပြန်ဝင်သွားတယ်။ ကြောက်လို့တော့ မဟုတ်ဘူးနော်။ ပျင်းလို့ ပျင်းလို့/ မိုးအေးအေးနဲ့ ချိုးကွေးကွေးတာပဲ ကောင်းပါတယ်လေဆိုပြီး အိပ်ရာထဲမှာပဲ နှပ်နေမိတော့တယ်။

၆၆(ဃ)ဖျက်သိမ်းရေး တောင်းဆိုလှုပ်ရှားသူများကတော့ တကယ် လုပ်သားခင်ဗျ။ စာနယ်ဇင်းတွေမှာ ဝိုင်းဝန်းရေးသားကြ၊ လက်ပတ်ဖြူလှုပ်ရှားမှုတွေ လုပ်ကြနဲ့ အားရစရာကြီးပါ။ အရင်ခေတ်ကလို ပုဒ်မ(၁၈) ဖျက်သိမ်းပေးဖို့ တောင်းဆိုတာ ပုဒ်မ(၁၈)နဲ့ ထပ်ငြိနေတာမျိုး ဖြစ်ရင်တော့ အခက်ပဲ။ ၆၆(ဃ) ဖျက်ဖို့ လှုပ်ရှားတာ ထပ်ပြီး ၆၆(ဃ)ဆိုလို့ကတော့ တကယ်မောမယ့် မလွယ်ကြောပဲ။ (မောင်မှန်အတွက် ကွက်ပြီး မိုးအေးတာ ဒီအကြောင်းတွေလည်း ပါတာပေါ့ခင်ဗျာ) ဒီတော့ကာ သူများပြောတာ ရေးတာလေးတွေနောက်ခြေရာကောက်ပြီး နောက်မြီးဆွဲ မောင်မှန် လုပ်ကြည့်ပါ့မယ်။ ၆၆(ဃ)ချင်ရင်လည်း ရှေ့လူတွေသာ ဃကြီးပါခင်ဗျာ။ မောင်မှန် ဘဝကြီးတော့ မထိခိုက်ပါရစေနဲ့။

၈.၆.၁၇ နေ့ထုတ် Daily Eleven သတင်းစာကြီးမှာ ဆရာကာလူးတို့များ ကြမ်းသဗျာ။ တစ်ကွက်ကာတွန်းလေး ရေးထားတာ၊ သူ့ကာတွန်းကြည့်ပြီး ခေါင်းတွေတောင် ကျိန်းတယ်။ သူ့ကာတွန်းထဲက တုန်ကြီ၊ မောင်မှန်ခေါင်းများ တီးလိုက်မှာလားလို့၊ ကာတွန်းပုံက ဒီလိုပါ။ လက်တစ်ဖက်က တုန်တစ်ချောင်းကိုင်ထားတယ်။ တုတ်ရဲ့အမည်က ၆၆(ဃ)တဲ့။ ပုံပါစာသားက မဲပေးခဲ့တဲ့   ပြည်သူလူထုကြီးကို ကျေးဇူးဆပ်ပါမယ်တဲ့။ အမယ်လေး ၆၆(ဃ)နဲ့ ကျေးဇူးဆပ်ပါမယ်တဲ့။ မောင်မှန့်ကိုတော့ မဆပ်လိုက်ပါနဲ့။ ကျေးဇူးတင်ပါတယ်။   ကျေးဇူးမဆပ်တာကိုပဲ   ကျေးဇူးတင်ပါရစေခင်ဗျာ။   ကျေးဇူးဆပ်ပွဲတွေနဲ့ ပတ်သက်လို့ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ)က အရှေ့တောင်အာရှ အကြီးတန်း ကိုယ်စားလှယ်ရှောင်က "မနေ့က MOI နဲ့တော့တော့ ကျနော်တို့ ကြားချင်တာတွေ့ ကြားခဲ့ပါတယ်။ ၆၆(ဃ)အပြင် မီဒီယာသမားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ အများကြီး ရှိတယ်။ ကျနော် စာရင်းပြုစုထားတာ ရှိပါတယ်။ ဒီဥပဒေတွေနဲ့ သတင်းသမားတွေ အရေးယူခံရမှုတွေ ရှိခဲ့တယ်။ အစိုးရသစ် တက်လာတဲ့ အခါမှာ သူတို့ကို ပြန်လွှတ်ပေးခဲ့တယ်။ အစိုးရသစ်လက်ထက်မှာ ထောင်ထဲမရောက်ဖူးလို့ ထင်ခဲ့ကြသော်လည်း အခု ကြုံနေရပါပြီ။ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ သူတို့က ပြင်ဆင်ဖို့ ကတိပြုပါတယ်။ သူတို့အပြောနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သတင်းမီဒီယာတွေက စောင့်ကြည့်ပေးကြပါ" လို့ Pen Myanmar နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အရပ်ကူ လူဝိုင်း ထုံးစံအတိုင်းပေါ့။ ဟိုက ဝင်ပြောရ၊ ဒီက ဝင်ပြောရနဲ့ အဲဒီခေတ်က ကုန်ကိုမကုန်နိုင်သေးပါဘူး။ ရှောင်ပြောသလိုပဲ သတင်းမီဒီယာတွေနဲ့အတူ မောင်မှန်လည်း စောင့်ကြည့်ရမှာပါပဲ။

မောင်မှန်တို့ရဲ့ စာရေးဆရာ လွှတ်တော်ကိုယ်စားလှယ်ကြီး ဆရာဦးရဲထွဋ်(ဝင်းထွဋ်ဇော်) ကလည်း ၆၆(ဃ)အရေးကို မှတ်မိအောင် နှစ်ထပ်ကြည့်ပြန်ပါတယ်။ ၆၆(ဃ)ပြင်ဖို့နဲ့ ဖျက်ဖို့ ရှိ၊ မရှိ မေးခွန်း ထပ်တင်ပါတယ်။ NLD ပါတီ မေးခွန်းနဲ့ အဆိုများ စိစစ်ရေးကော်မတီကလည်း ဘယ်ရမလဲ၊ တားတာပဲ။ မမေးပါနဲ့ဦးတဲ့။ (နှစ်ခါကွဲတဲံ အသည်း မနာဘဲရှိပါ့မလား၊ ဆရာရယ် နော့) ဒါနဲ့ပတ်သက်ပြီး ဆရာဦးရဲထွဋ်က "အခုလို တင်တာကတော့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ထမ်းဆောင်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ်က သူ့တာဝန်သူထမ်းဆောင်ရမှာပဲလေ။ မေးခွန်းကတော့ လွှတ်လွတ်လပ်လပ် မေးရမှာပဲလေ။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်လည်းဖြစ်တယ်၊ ကိုယ့်ကိုယ်တိုင်ကလည်း စာရေးဆရာတစ်ယောက်လည်း ဖြစ်တယ်။ မီဒီယာသမားတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ်ဆိုတော့ မီဒီယာလွတ်လပ်ခွင့် စာပေလွတ်လပ်ခွင့်ဆိုတာ ရှိဖို့ လိုတယ်လို့ ယူဆတဲ့အတွက် မေးတာပါ"လို့ ပြောပါတယ်။

ဆရာက လွှတ်တော်ကိုယ်စားလှယ်တာဝန်ရော၊ စာရေးဆရာတာဝန်ရော၊ မီဒီယာသမားတာဝန်ပါ တစ်ခါတည်း ပူးတွဲ ထမ်းဆောင်သွားတာ၊ မောင်မှန်ကလည်း စာရေးနေသူဆိုတော့ ဆရာ့ကို အားပေးထောက်ခံရပါတယ်။ နောက်တစ်ခါ တတိယအကြိမ်မြောက် ချစ်ခွင့်ပန်တဲ့အခါ ဆရာ အောင်မြင်ပါစေခင်ဗျာ။ ဒါပေမယ့် လွှတ်တော်ထဲမှာ ဆရာဦးရဲထွဋ်တစ်ယောက်ထဲ စာရေးဆရာ၊ မီဒီယာသမား ရှိတာ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေ ရှိပါသေးတယ်။ ကဗျာဆရာတွေလည်း ရှိပါတယ်။ သူတို့ကြည့်ရတာတော့ Silent is Gold နေကြပုံ ရပါတယ်။ တိတ်တိတ်နေ (ထောင်တန်ရုံမက) သန်းတန်နေကြပုံ ရပါတယ်။ မမြင်ရ မကြားရသော သံယောဇဉ် ဖြစ်နေကြပုံ ရပါတယ်။ ၆၆(ဃ)ဆိုတာ အဝိုင်းကြီးလား၊ လေးထောင့်ကြီးလား၊ ကုန်အမှတ်တံဆိပ်လား၊ စားစရာလား၊ အိမ်နံပါတ်လားဆိုတာတောင် ကွဲပြားကြပုံ မပေါ်ပါဘူး။ ကိုယ်နဲ့ဆိုင်တယ်လို့လည်း ယူဆကြပုံ မပေါ်ပါဘူး။ သူတစ်ပါး ကျောပေါ် မတရားကျလာတဲ့ တုတ်ချက်ကို (တက်နိုင်သလောက်) ပါဝင်မတားဆီးနိုင်ခဲ့ရင် (မသိချင်ယောင် ဆောင်နေခဲ့ရင်) တစ်နေ့မှာ အဲဒီတုတ်ချက်ဟာ ကိုယ့်ကျောပေါ်ကိုလည်း ကျရောက်လာတတ်ပါတယ်ခင်ဗျာ။

သို့ဂလို စိတ်ဆင်းရဲစရာတွေကြားမှာ NLD ဦးဝင်းထိန်ရဲ့ စကားတစ်ခွန်းကြောင့် မျှော်စရာလေးတွေ ရှိခဲ့ပေါ့ခင်ဗျာ။ အန်ကယ်ထိန်က "အဲဒါနဲ့ပတ်သက်လို့ ကိုယ့်ကော်မရှင်မှာ အနုလုံပဋိလုံ ပြောစရာမကျန်အောင် ဆွေးနွေးပြီးပြီ။ အဲဒီမှာ ကိုယ်ပါတယ်၊ ဥက္ကဋ္ဌက သူရရွှေမန်း၊ ကိုယ်ပါတဲ့အတွက်ကြောင့် ဒီဟာကို လွှတ်တော်ကို ပေးတဲ့အထဲမှာ ကိုယ့်ရဲ့ သဘောတူညီချက်ပါတယ်။ ပါတဲ့ဟာကို တင်တဲ့သူက သိလိုသော်လည်းကောင်း၊ မသိလို့သော်လည်ကောင်း၊ လာတင်တဲ့အခါမှာ ဒါမတင်နဲ့ လွှတ်တော်က ဒါကို မကြာခင် ဆုံးဖြတ်လိမ့်မယ်။ ဒါကြောင့်မို့ မတင်နဲ့။ ဒါမျိုး" လို့ ပြောပါတယ်။ အစီအစဉ်တွေ ရှိပါတယ်ပေါ့။ မကြာခင် ငွေရောင်ပိတ်ကားပေါ်မှာ မြင်ရပါစေမယ့်ပေါ့။ သို့သော် ဘယ်နေ့မှန်းမသိ လွမ်းသည့်ရက်သာ ကြာခဲ့ပါတယ်။ ဒါသည် ပင်ကိုယ်အမှား ဖြစ်ချေပြီဆိုတဲ့ ပန်းစိုက်သမား သီချင်းစာသားလို့တော့ မောင်မှန်တို့ ပြည်သူတွေ မမှားပါရစေနဲ့။

မိုးအေးအေးမှာ ချိုးကွေးကွေးနေရင်းကပဲ ၆၆(ဃ)နောက်ခြေရာ ကောက်လိုက်မိပါပြီ။ အန်ကယ်ထိန်စကားလေးနဲ့ပဲ ပိတ်လိုက်ပါရစေ။ သတင်းထောက်တစ်ယောက်က အန်ကယ်ထိန်ကို ၆၆(ဃ)အရေးတကြီး ပြင်ဖို့ တိုက်တွန်းရန် ရှိ မရှိ မေးတော့ မရှိဘူး၊ ဒါတိုင်းပြည်ဖျက်မယ့် ကိစ္စမှ မဟုတ်တာလို့ အန်ကယ်ထိန်က ဖြေပါတယ်။ မောင်မှန် သိသလောက်တော့ ပျက်သွားတဲ့ တိုင်းပြည်အားလုံးမှာ စပြီး အဖျက်ခံရတာ စတုတ္ထ မဏ္ဍိုင်ပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly