NLD နာယက သူရဦးတင်ဦး ဇွန်လကုန်တွင် ဆေးရုံမှ ဆင်းနိုင်တော့မည်

NLD နာယက သူရဦးတင်ဦး ဇွန်လကုန်တွင် ဆေးရုံမှ ဆင်းနိုင်တော့မည်

ရန်ကုန်၊ ဇွန် ၁၃ ။            ။ နှလုံးကုသဆောင်တွင် တက်ရောက်နေရသည့် NLD နာယက သူရဦးတင်ဦး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာသောကြောင့် ယခုလ (ဇွန်လ) ကုန်တွင် ဆေးရုံမှ ဆင်းနိုင်တော့မည်ဟု ခန့်မှန်ထားကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က မဇ္ဈိမသို့ ပြောသည်။

ညာဘက်တစ်ခြမ်းလေဖြတ်ခဲ့သည့် ဦးတင်ဦးသည် လွန်ခဲ့သည့် တစ်ပတ်ခန့်မှ စတင် မတ်တပ်ရပ် နိုင်ပြီဖြစ်သော်လည်း ညာဘက်ခြေထောက်နှင့်လက် သိပ်လှုပ်၍ မရသေးဟု ၎င်းကပြောသည်။

“ ဆင်းဖို့ကတော့နည်းနည်းကြာဦးမယ်။ ဆရာဝန်ကြီးတွေနဲ့တိုင်ပင်တာ သူ့အိမ်မှာ ဆက်ပြီးတော့ လေ့ကျင့်ခန်းလုပ်ဖို့ သင်ပေးရမှာရှိသေးတယ်။ လကုန်လောက်တော့ ဆင်းနိုင်မယ်ထင်ပါတယ် ” ဟု ဒေါက်တာအေးကိုကိုက ပြောဆိုသည်။

သို့သော် စကားပြောမပီသသေးသောကြောင့် စကားပြော ပီသဖို့ လေ့ကျင့်ခန်းနှင့် ညာဘက်တစ်ခြမ်း လှုပ်ရှား၍ ရနိုင်ရန် ဆရာဝန်ကြီးများက လေ့ကျင့်ခန်းလုပ်ပေးနေရသေးခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီးက ပြောသည်။

သူရဦးတင်ဦး ကျန်းမာရေးအခြေအနေ တိုးတက်လာသောကြောင့် အထူးကြပ်မတ်ကုသဌာန မှ နှလုံးကုသဆောင်သို့ မေ ၂၄ က ပြောင်းရွှေ့ထားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးသည် မေလ ၁၇ ရက် ညပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး မေ ၁၈ ရက်တွင် သတိပြန်လည်ရလာခဲ့ပြီး ယနေ့အချိန်ထိ ရန်ကုန်ဆေးရုံကြီးတွင် ၂၈ ရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဦးတင်ဦး၏ နေအိမ် မေလ ၁၇ ည ၁၁နာရီခွဲခန့်၌ ရေချိုးခန်းတွင် ချော်လဲကာ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနကို ပို့ဆောင်ခဲ့ရ ခြင်းလည်းဖြစ်သည်။ မေလ ၁၈ ညနေ ၃နာရီတွင် ဦးတင်ဦး ကျန်းမာရေးအတွက် ရွှေတိဂုံစေတီတော်၊ စနေထောင့်မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် NLD ပါတီဝင်များ ဆုတောင်းခဲ့ပြီး ပြည်နယ်နှင့် တိုင်းများတွင်လည်း ဆုတောင်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags