နန့်တက်စ်နည်းပြဖြစ်လာဖို့ ထူးဆန်းသော အခက်အခဲနဲ့ကြုံတွေ့နေရတဲ့ လက်စတာနည်းပြဟောင်း ရာနီရေရီ

နန့်တက်စ်နည်းပြဖြစ်လာဖို့ ထူးဆန်းသော အခက်အခဲနဲ့ကြုံတွေ့နေရတဲ့ လက်စတာနည်းပြဟောင်း ရာနီရေရီ

ဇွန် ၁၂၊ ပြင်သစ် ။            ။ ၂၀၁၅-၁၆ ရာသီတုန်းက လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြရာနီရေရီဟာ ပြင်သစ်ကလပ် နန့်တက်စ်အသင်းကို နည်းပြဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

ဒါပေမဲ့ ရာနီရေရီဟာ နန့်တက်စ်အသင်းနည်းပြဖြစ်လာဖို့ ထူးဆန်းတဲ့ အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ အသက်အရွယ်ကြီးရင့်မှုကြောင့်ပါပဲ။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အသက် ၆၅ နှစ်အထက်နည်းပြတွေကို သူတို့လိဂ်မှာ နည်းပြခွင့်မပြုထားပါဘူး။ ရာနီရေရီက လာမယ့် အောက်တိုဘာလထဲမှာ ၆၅ နှစ်ပြည့်တော့မှာဖြစ်လို့ သူ့ရဲ့အခြေအနေက ကြန့်ကြာနေရတာ ဖြစ်ပါတယ်။

နန့်တက်စ်အသင်းရဲ့ဥက္ကဋ္ဌ ဝယ်လ်ဒီမာကီတာကတော့ မကြာခင်အဆင်ပြေသွားမယ်လို့ ယုံကြည်နေပါတယ်။ ‘လိဂ်ကော်မတီက သဘောတူပါတယ်။ အခုဟာက ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)နဲ မစ္စတာဒိုမင်နစ်ချ်တို့က သဘောမတူသေးတာလို့ ယုံကြည်ပါတယ်။ သူတို့ဘာကြောင့် သဘောမတူလဲတော့ မသိပါဘူး။

ဘောလုံးသမားဘဝနဲ့ရော နည်းပြဘဝနဲ့ပါ အတွေ့အကြုံတွေအများကြီးရှိတဲ့ ရာနီရေရီရဲ့ အရည်အချင်းတွေကို သဘောကျပါတယ်။ သူဟာ ဥရောပထိပ်သီးအသင်းကြီးတွေကို နည်းပြခဲ့တဲ့သူဆိုတာ ကျွန်တော်တို့    သိပါတယ်’ လို့ နန့်တက်စ်အသင်းဥက္ကဋ္ဌ ဝယ်လ်ဒီမာကီတာက ဆိုခဲ့ပါတယ်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly