မကာအိုနှင့်ပွဲမှာ တစ်ပွဲလုံး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားဖို့ ကစားသမားတွေကို ဂတ်ဖရိုင်းဒရစ် မှာထား

.

(ဓာတ်ပုံ - MFF)

မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုလက်ရွေးစင်အသင်းတို့ဟာ ဇွန်လ (၁၃) ရက်၊ (ယနေ့)ဒေသစံတော်ချိန် ညနေ (၇း၃၀) နာရီ၊ မြန်မာစံတော်ချိန် ညနေ (၆း၀၀) အချိန်တွင် ၂၀၁၉ အာရှဖလားခြေစစ်ပွဲ အုပ်စု ဒုတိယပွဲစဉ်အဖြစ် မကာအို အိုလံပစ်အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အဆိုပါပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းကို ဇွန်လ ၁၂ ရက်၊ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီက မာကာအိုနိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

"နှစ်သင်းစလုံးဟာ အဖွင့်ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ကြပါဘူး။ ဒါကြောင့် ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ နိုင်ပွဲရရှိဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ အဖွင့်ပွဲစဉ်မှာ အိန္ဒိယအသင်းကို နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အရှုံးပေးခဲ့ရတာကို အခုထိ အခဲမကြေနိုင်သေးပါဘူး။ မနက်ဖြန်ပွဲမှာတော့ ဒီလိုမဖြစ်အောင် ကစားသမားတွေကိုလည်း တစ်ပွဲလုံး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားဖို့ မှာထားပါတယ်။"လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြားခဲ့ပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ အာရှဖလားခြေစစ်ပွဲမှာ အုပ်စု (A) မှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မာကာအိုအသင်းတို့နှင့်အတူ ကျနေပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မတ်လက အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရန်ကုန်မြို့မှာ အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်းကစားခဲ့ပြီး (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။

"ဒီပွဲကို ကျနော်တို့ မဖြစ်မနေ အနိုင်ကစားပါမယ်။ အနိုင် (၃) မှတ်ရဖို့ မိနစ် (၉၀) လုံး ကြိုးစားကစားသွားပါမယ်။ ကျနော်တို့ ကစားဖော်တွေအားလုံးလည်း မနက်ဖြန်ပွဲအတွက် အဆင့်သင့်ဖြစ်နေပါပြီ။ စင်ကာပူမှာ ကစားခဲ့တဲ့ပွဲတွေကနေ အားသာချက်၊ အားနည်းချက်ကို သုံးသပ်ပြီး အကောင်းဆုံး ကြိုးစားသွားပါမယ်။"လို့ မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်က ဆိုပါတယ်။

မြန်မာအသင်းနှင့် မာကာအိုတို့ ပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်တဲ့အပြင် မကာအိုရောက် မြန်မာဘောလုံးချစ်ပရိသတ်များအနေနဲ့လည်း Gate (2) မှ ဝင်ရောက်ကာ အခမဲ့ ဝင်ရောက် ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။

Ref; yanmar Football Federation