ရေဘေးအတွက်နိုင်ငံတကာ အကူအညီ လက်ခံရေး သူရဦးရွှေမန်း တိုက်တွန်း

ရေဘေးအတွက်နိုင်ငံတကာ အကူအညီ လက်ခံရေး သူရဦးရွှေမန်း တိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၃ ။       ။ မြန်မာနိုင်ငံတဝှမ်းလုံး ရေကြီးမှုဒဏ်ကို ခံစားနေရကာ  ရေဘေးကြောင့် ဒုက္ခရောက်နေသူများကို ပြန်လည် ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ရာ တွင်နိုင်ငံတကာ၏ အကူအညီများကို လက်ခံရန် နိုင်ငံတော် အစိုးရ (အုပ်ချုပ်ရေးအဖွဲ့) မှ စဉ်းစားသုံးသပ်ရန် ပြည်ထောင်စု လွှွတ်တော် နာယက သူရဦးရွှေမန်း က သြဂုတ် ၃ ရက်တွင် တိုက်တွန်းလိုက် သည်။

သူရဦးရွှေမန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ထုတ်ပြန်ချက်ထုတ် တိုက်တွန်းခြင်းဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် ဘဏ္ဍာနှင့် ပြည်တွင်း စေတနာရှင်များ၏ အလှုငွေများဖြင့်သာ ဆောင်ရွက်မည်ဆိုပါက မူလအခြေအနေ အမြန်ဆုံး ရောက်ရှိရေး အတွက် နှောင့်နှေးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ပါဝင်သည်။

ရေဘေးကြောင့် လမ်းတံတားများ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများ၊ လယ်မြေနှင့်စိုက်ပျိုးသီးနှံများ၊ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုသည် ပြည်သူများအတွက် ဆုံးရှုံးမှုများဖြစ်သလို နိုင်ငံတော် အတွက် လည်း ဆုံးရှုံးမှုများဖြစ်သည်ဟုလည်း ၎င်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ယင်းအပြင် နိုင်ငံတော် သမ္မတနှင့် တာဝန်ရှိသူများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော်သား များ၊ စေတနာရှင် အသင်းအဖွဲ့များ၊ တာဝန်သိ ပြည်သူများကလည်း စေတနာ ထက်သန်စွာဖြင့် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်ဟုလည်း ပါဝင်သည်။

ဇူလိုင် နောက်ဆုံးပတ်ခန့်ကစပြီး  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကြောင့် နိုင်ငံအဝှမ်း စုစုပေါင်း တံတား ၂၁စင်း ကျိုးပြတ်ပျက်စီးသွားသည် ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ဝန်ကြီးဌာနရုံးတွင်ပြလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဇူလိုင် ၂၉က ပြောဆိုထားသည်။

သဘာဝဘေးအန္တရာယ်ကျရောက်သော အရေးပေါ်ဒေသများအဖြစ် ချင်း၊ ရခိုင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ကို ကြေညာထားသည်။

 

 

ပဲခူးမြို့ရှိ ရေဘေးသင့် ရပ်ကွက်တစ်ခုကို တွေ့ရစဉ်။ ဓါတ်ပုံ - သက်ကို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required