ယာဉ်မောင်းနှင်ခပေးကာ သယ်လာသော WY ဆေးပြား တစ်သောင်းပါ အထုပ် ၃၄ဝ ဖမ်းဆီးရမိခဲ့

ယာဉ်မောင်းနှင်ခပေးကာ သယ်လာသော WY ဆေးပြား တစ်သောင်းပါ အထုပ် ၃၄ဝ ဖမ်းဆီးရမိခဲ့
ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ

ရန်ကုန်၊ ဇွန်လ ၁၂ ။             ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယာဉ်မောင်းနှင်ခပေးကာ ကားအတွင်း အံဝှက်ပြုလုပ်ပြီး သယ်ဆောင်လာသော WY ဆေးပြား တစ်သောင်းပါ အထုပ်ပေါင်း ၃၄ဝ ထုပ် ဖမ်းဆီးရခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်သည်။

ဇွန်လ ၁၁ ရက်၊ နံနက် ၁၁ ခွဲခန့်အချိန်က အသက် ၅၃ နှစ်အရွယ် ဦးအောင်စောသန်း မောင်းနှင်လာသော Skat အမျိုး အစားကားအား ရပ်တန့်စစ်ဆေးရာ ကားကြမ်းအတွင်း အံဝှက်ပြုလုပ်ပြီး တင်ဆောင်လာသော အဆိုပါ အရေအတွက် ၃၄ သိန်း ခန့်ရှိသော WY ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကားကြမ်းခင်းအတွင်းမှ WY ဆေးပြား တစ်သောင်းပါ အထုပ်ပေါင်း ၃၄ဝ ထုပ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဆေးပြားအတွက် ၃၄ သိန်းရှိကာ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၆၈,ဝဝဝ ခန့်ရှိကြောင်းသိရသည်။

ဖမ်းဆီးရမိခဲ့သည့် ယာဉ်မောင်း ဦးအောင်စောသန်းကို လုံခြုံရေးတပ် ဖွဲ့မှ စစ်မေးခဲ့ရာ ပုဏ္ဍားကွန်းမြို့၊ ရေခဲစက်လမ်း၊ ရွာတောင်ပိုင်းရပ်ကွက်နေ ဦးစံအောင်ကျော်ဆိုသူက ယာဉ်မောင်းနှင်ခ နှင့် ခရီးစရိတ် ကျပ် လေးသိန်းပေးပြီး ၎င်းယာဉ်အား စစ်တွေမြို့မဈေးအနီး ပို့ဆောင်ပေးရန်နှင့် ပို့ ဆောင်ခိုင်းသောနေရာသို့ ရောက်ရှိပါက လူတစ်ဦးက ဖုန်းဆက်ပြီး ယာဉ်ကိုလာရောက်ယူမည်ဟု မှာကြားလိုက်ခြင်းဖြစ်သည်ဟု ထွက်ဆိုသည်။

ထို့နောက် ဇက်ကူးရန် ရေချမ်းပြင်ဆိပ်ကမ်းသို့ ရောက်ရှိစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဖမ်းဆီးရသူ ဦးအောင်စော သန်းက ထွက်ဆိုခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် WY ဆေးပြားများနှင့် ပတ်သက်ပြီး သယ်ဆောင်လာသူ ဦးအောင် စောသန်းကို စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ကျန်ရှိသည့် ဆက်စပ်တရားခံများအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly