မကာအိုအသင်းကို အနိုင်ကစားမည်ဟု မြန်မာနည်းပြနှင့် အသင်းခေါင်းဆောင်တို့ ပြောကြား

မကာအိုအသင်းကို အနိုင်ကစားမည်ဟု မြန်မာနည်းပြနှင့် အသင်းခေါင်းဆောင်တို့ ပြောကြား

ဇွန် ၁၂၊ မြန်မာ ။              ။ မကာအိုအသင်းနှင့် ကစားရမည့် အာရှဖလားခြေစစ်ပွဲ ဒုတိယပွဲစဉ်ကို အနိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနည်းပြချုပ်ဂတ်ဇီဆီနှင့် အသင်းခေါင်းဆောင် ရန်အောင်ကျော်တို့က ပြောဆိုလိုက်သည်။

မြန်မာအသင်းနှင့်မကာအိုအသင်းတို့၏ ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် ဂတ်ဇီဆီနှင့်ရန်အောင်ကျော်တို့က ယခုကဲ့သို့ ပြောခဲ့ကြခြင်း ဖြစ်သည်။

'နှစ်သင်းစလုံးဟာ အဖွင့်ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ကြပါဘူး။ ဒါကြောင့် ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ နိုင်ပွဲရရှိဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ အဖွင့်ပွဲစဉ်မှာ အိန္ဒိယအသင်းကို နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အရှုံးပေးခဲ့ရတာကို အခုထိ အခဲမကြေနိုင်သေးပါဘူး။ မနက်ဖြန်ပွဲမှာတော့ ဒီလိုမဖြစ်အောင် ကစားသမားတွေကိုလည်း တစ်ပွဲလုံး အာရုံစူးစိုက်မှုအပြည့်နဲ့ကစားဖို့ မှာထားပါတယ်' ဟု မြန်မာနည်းပြဂတ်ဇီဆီက ပြောသည်။

မြန်မာအသင်းသည် မကာအိုနှင့်ပွဲစဉ်မတိုင်ခင်ကစားခဲ့သည့် ခြေစမ်းပွဲနှစ်ပွဲတွင် စင်ကာပူအသင်းကို ဂိုးမရှိသရေကျခဲ့ပြီး စင်ကာပူကလပ် အယ်ဘီရက်နီဂါတာအသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသည်။

သို့သော် မြန်မာအသင်းခေါင်းဆောင်ရန်အောင်ကျော်က 'ဒီပွဲကို ကျွန်တော်တို့မဖြစ်မနေ အနိုင်ကစားပါမယ်။ အနိုင် ၃ မှတ်ရဖို့ မိနစ် ၉၀ လုံး ကြိုးစားကစားသွားမှာပါ။ ကစားဖော်တွေအားလုံးကလည်း မနက်ဖြန်ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ စင်ကာပူမှာ ကစားခဲ့တဲ့ပွဲတွေကနေ အားသာချက်၊ အားနည်းချက်ကို သုံးသပ်ပြီး အကောင်းဆုံးကြိုးစားသွားပါမယ်' ဟု ဆိုသည်။

မကာအိုအသင်းနှင့်မြန်မာအသင်းတို့၏ ပွဲစဉ်ကို ဇွန်လ ၁၃ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီ၌ မကာအို အိုလံပစ်အားကစားကွင်းကြီးတွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

မြန်မာနှင့်မကာအိုတို့၏ အာရှဖလားခြေစစ်ပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly