အလုပ်သမားအရေး ဝန်းရံခဲ့သည့် ကျောင်းသားတစ်ဦး လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေး

အလုပ်သမားအရေး ဝန်းရံခဲ့သည့် ကျောင်းသားတစ်ဦး လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေး

စဉ့်ကိုင်၊ ဇွန် ၁၂ ။             ။ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံ၌ အလုပ်သမားများ ဆန္ဒပြမှုတွင် ဝန်းရံခဲ့သည့် ရွှေဘိုတက္ကသိုလ်မှ ဒဿနိက ဒုတိယနှစ်ကျောင်းသား ကိုနှင်းအောင်ကို စဉ့်ကိုင်မြို့နယ်တရားရုံးတွင် လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံအလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ ၂၀၁၇ခုနှစ်၊ မေလ ၃ ရက်နေ့၌ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ညှိနှိုင်းမှုများဆောင်ရွက်နေစဉ် ကျောင်းသားတစ်ချို့က ဗကသအလံများ ကိုင်ဆောင်၍ ကြွေးကြော်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံထားခဲ့ရသည်။

ဗကသအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနှင်းအောင်သည် ဧပြီလ ၂၆ ရက်က စစ်ကိုင်းပညာရေးကောလိပ်ကျောင်းသားတစ်ချို့နှင့်အတူ မန္တလေးမြို့ပေါ်တက်၍ အထက်မြန်မာပြည်အဆင့်မြင့် ပညာဦးစီးဌာနရှေ့တွင် ဆန္ဒပြရာ၌ ပါဝင်ခဲ့ကာ မေလ ၉ရက်က ချမ်းအေးသာစံတရားရုံးမှ ထောင်ဒဏ် ၄ လချမှတ်ခံခဲ့သည်။ ၎င်းသည် မေလ ၂၄ ရက်တွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်   ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ထိုနေ့မှာ ပြန်လည်ဖမ်းဆီးခြင်းခံရပြီး စဉ့်ကိုင်မြို့နယ်တရားရုံးက ရုံးထုတ်စစ်ဆေးခဲ့သည်။

ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုကို မေလ ၂၉ ရက်က ပြုလုပ်ခဲ့ပြီး ဇွန်လ ၅ ရက်တွင် တတိယအကြိမ် ရုံးထုတ်စစ်ဆေးကာ စတုတ္ထအကြိမ်အဖြစ် ဇွန်လ ၁၂ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပဉ္စမအကြိမ်ရုံးထုတ်စစ်ဆေးခြင်းကို ဇွန်လ ၁၉ ရက်နေ့တွင် ပြုလုပ်သွားမှာဖြစ်ပြီး တရားစီရင်ရေးကို အယုံအကြည်မရှိ၍ဟုဆိုကာ ကိုနှင်းအောင်က တရားရုံး၏ စစ်ဆေးမှုကို သပိတ်မှောက်ထားသည်။

ဖမ်းဆီးခံထားရသူ ကိုနှင်းအောင်က "အလုပ်သမားရေးကို ကျောင်းသားက ဝန်းရံတယ်။ ဒါကို အဖမ်းခံရတယ်။"ဟုပြောသည်။

ကိုနှင်းအောင်လွတ်မြောက်ရေးအတွက် ဗကသကျောင်းသားများက ကူညီဆောင်ရွက်လျှက်ရှိသည်ဟု ရတနာပုံတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်း ကိုကောင်းဇော်ဟိန်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required