မြန်မာ-မကာအို အာရှဖလား ခြေစစ်ပွဲစဉ်တွင် တပ်မတော်လေယာဉ်ဖြစ်စဉ်အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်မည်

မြန်မာ-မကာအို အာရှဖလား ခြေစစ်ပွဲစဉ်တွင် တပ်မတော်လေယာဉ်ဖြစ်စဉ်အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်မည်
ဓာတ်ပုံ- MFF

ဇွန်လ ၁၂ ။             ။ မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအို လက်ရွေးစင် အသင်းတို့ ဇွန်လ ၁၃ ရက်နေ့ အာရှဖလား ခြေစစ်ပွဲစဉ်အား ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ပွဲမစတင်မီ တပ်မတော် Y8 လေယာဉ် မတော်တဆ ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း အဖြစ် (၁)မိနစ် ငြိမ်သက်ကြမည်ဟု သိရသည်။

၂၀၁၈ အာရှဖလား ခြေစစ်ပွဲစဉ် မြန်မာစံတော်ချိန် ညနေ(၆း၀၀)နာရီ မကာအို၊ မကာအို အိုလံပစ် အားကစားကွင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းသို့ဝမ်းနည်းကြောင်းပြသရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ တောင်းဆိုချက်ကို အာရှဘောလုံးအဖွဲ့ချုပ်ကလည်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုလက်ရွေးစင်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ (ဇွန်လ ၁၂ ရက်)တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

“နှစ်သင်းစလုံးဟာ အဖွင့်ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ကြပါဘူး။ ဒါကြောင့် ဒီပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ နိုင်ပွဲရရှိဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု Mr. Gerd Zeise (မြန်မာလက်ရွေးစင် နည်းပြချုပ်)က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လာမည့် ဇွန်လ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ညနေ(၆း၀၀)နာရီ မကာအိုတွင် အာရှဖလား ခြေစစ်ပွဲစဉ်အား ယှဉ်ပြိုင်ကစားကြမည် ဖြစ်ရာ အဆိုပါ ပွဲစဉ်အား မြန်မာ့ ရုပ်မြင်သံကြား MRTV မှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။

“ဒီပွဲကို ကျွန်တော်တို့ မဖြစ်မနေ အနိုင်ကစားပါမယ်။ အနိုင် (၃) မှတ်ရဖို့ မိနစ် (၉၀) လုံး ကြိုးစားကစားသွားပါမယ်။ ကျွန်တော်တို့ ကစားဖော်တွေအားလုံးလည်း မနက်ဖြန်ပွဲအတွက် အဆင့်သင့်ဖြစ်နေပါပြီ” ဟု မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော်က ပြောသည်။

တပ်မတော်၏ Y8 လေယာဉ် မတော်တဆ ဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာများကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌထံ ပေးပို့ခဲ့ကြသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ခြေစစ်ဖလားပွဲစဉ်အတွက် မကာအိုသို့ ရောက်ရှိနေပြီး လေ့ကျင်မှုများ ပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly