လေယာဉ်ပျက်ကျမှုမှ တပ်မတော်အရာရှိ ရုပ်အလောင်းများအပါအဝင် ရုပ်အလောင်း ၅၉ လောင်းအထိ ရှိလာ

လေယာဉ်ပျက်ကျမှုမှ တပ်မတော်အရာရှိ ရုပ်အလောင်းများအပါအဝင် ရုပ်အလောင်း ၅၉ လောင်းအထိ ရှိလာ

ဇွန်၁၁ ။            ။ တပ်မတော် Y-8 လေယာဉ် ပျက်ကျမှုအား ရှာဖွေခဲ့ရာ ၄ ရက်မြောက်နေ့ဖြစ်သော ဇွန်လ ၁၁ ရက်တွင်ရုပ်အလောင်း ၂၆ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ယနေ့အထိ တပ်မတော်အရာရှိရုပ်အလောင်းများအပါအဝင် ရုပ်အလောင်း ၅၉ လောင်းအထိ ရှိလာကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၁ ရက်၊ ညနေ ၄ နာရီအထိ ရုပ်အလောင်း ၂၆ လောင်း ထပ်မံဆယ်ယူရရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီးနောက် ရုပ်အလောင်း ၅၉ လောင်းအထိ ရှိလာခြင်းဖြစ်သည်။

ယနေ့ ရှာဖွေတွေ့ရှိမှုတွင် ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၁ လောင်း ပါဝင်ခဲ့ပြီး အမျိုးသားရုပ် အလောင်း ၈ လောင်း၊ ကလေးရုပ်အလောင်း ၁ လောင်း၊ လောင်းလုံဘုတ်ကျွန်းအနီး၌ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် စစ်ရေယာဉ်နှစ်စီး က အမျိုးသားရုပ်အလောင်း ၄ လောင်းနှင့် အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ပြင် ဒေသခံငါးဖမ်းလှေများမှ အမျိုးသားရုပ်အလောင်း ၁၀ လောင်းထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း ရုပ်အလောင်း ၂၆ လောင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မောင်းမကန်ကမ်းခြေတစ်လျှောက် ဖြန့်ခွဲထားသည့် မြေပြင်တပ်များနှင့် ဒေသခံပြည်သူများက ယင်းကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ ပျက်ကျခဲ့သည့် Y-8 လေယာဉ် ပြန်လည်ရှာဖွေ တွေ့ရှိရေးနှင့် ရုပ်အလောင်းများပြန်လည် ဆယ်ယူရရှိနိုင်ရေးဆောင်ရွက်ရာတွင် စစ်ဦးစီးအရာရှိချုပ်(ရေ)က စန်းလန်းကျေးရွာကမ်းခြေ၌ အခြေပြု၍လည်းကောင်း၊ စစ်ဦးစီးအရာရှိချုပ်(လေ)က ရဟတ်ယာဉ်ဖြင့်လိုက်ပါ၍ လည်းကောင်း အနီးကပ်ကြီးကြပ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခင် ဇွန်လ ၉ ရက်နှင့် ၁၀ရက်များတွင် ရာသီဥတုဆိုးရွားမှုကြောင့် ရုပ်အလောင်း ၁ လောင်းစီသာရှာဖွေတွေ့ရှိခဲ့သည်။

ဇွန်လ ၈ ရက်နေ့တွင် ရုပ်အလောင်း ၂၉ လောင်းဆယ်ယူရရှိပြီးနောက် ယခု ထပ်မံ ရုပ်အလောင်း ၂၀ကျော် ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယနေ့အထိ တပ်မတော်အရာရှိ ရုပ်အလောင်း ၃ လောင်းနှင့် စစ်သည်ရုပ်အလောင်း ၂ လောင်းအပါအဝင် အမျိုးသား ရုပ်အလောင်း ၂၆ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၃ လောင်း၊ ကလေးရုပ်အလောင်း ၉ လောင်းနှင့် ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၁ လောင်း၊ စုစုပေါင်း ရုပ်အလောင်း ၅၉ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

အဆိုပါလေယာဉ်တွင် ကလေးငယ် ၁၅ ဦးအပါအဝင် ခရီးသည် စုစုပေါင်း ၁၀၈ ဦး လိုက်ပါလာခြင်းဖြစ်သည်။ ထို့ပြင် လေယာဉ်အမှုထမ်း ၁၄ ဦး လိုက်ပါလာပြီး ဇွန်လ ၇ ရက်က ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဇွန်လ ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်နှင့်ပတ်သက်၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပျက်ကျမှုအား သက်ဆိုင်ရာ လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်လည်း ပူးပေါင်း၍ လေယာဉ်ပျက်ကျမှုအား စစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇွန်လ ၈ ရက်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required