ပြည်မြို့က ကျူးကျော်ရပ်ကွက် အချို့ကို လူဦးရေ နှင့် အိမ်ထောင်စု စာရင်းပြုစု

ပြည်မြို့က ကျူးကျော်ရပ်ကွက် အချို့ကို လူဦးရေ နှင့် အိမ်ထောင်စု စာရင်းပြုစု

ပြည်၊ ဇွန် ၁၁ ။              ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မိုးရာသီ ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိသော ကျူးကျော်ရပ်ကွက်အချို့ကို အိမ်ခြေစာရင်း၊ အိမ်ထောင်စုစာရင်း၊ လူဦးရေစာရင်းများကောက်ခံခဲ့ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများ ပြုလုပ်ပေးရန် စီစဉ်နေကြောင်းသိရသည်။

“ပြီးခဲ့တဲ့ရွေးကောက်ပွဲက အဲဒီဒေသက လူတွေ မဲမပေးရတာရှိတယ်။  ဘယ်သူ့ကိုပဲမဲပေးပေး အဲဒီဒေသက လူတွေမဲပေးခွင့်ရစေချင်တယ်။ အိမ်ထောင်စု စာရင်းနဲ့ မှတ်ပုံတင်လုပ်ပေးဖို့ စီစဉ်တာပါ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်က ဆိုသည်။

ဇွန်လ ၁၀ ရက် နှင့် ၁၁ ရက်အတွင်း ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးအရာရှိ ဦးဇော်ဇော်ဦး ဦးဆောင်သည့်အဖွဲ့က နဝင်းနယ်မြေအတွင်းရှိ ကျူးကျော်ရပ်ကွက်များကို ကွင်းဆင်းကာ စာရင်းကောက်ခံမှုများပြုလုပ်ခဲ့သည်။

ကမ်းနားလမ်း နဝင်းမြောက်တွင် အိမ်ခြေ  ၂၅လုံး၊ အိမ်ထောင်စု ၂၇စု လူဦးရေ ၁၂၁ ဦး၊ ကမ်းနားလမ်းရွှေပုလင်မှော်တွင် အိမ်ခြေ  ၁၀၉ လုံး၊ အိမ်ထောင်စု ၁၁၂ စု လူဦးရေ ၅၀၈ ဦး၊ နဝင်းဘောဂကွက်သစ်တွင် အိမ်ခြေ ၃၅ လုံး၊ အိမ်ထောင်စု ၃၇ စု လူဦးရေ ၁၄၄ ဦး၊ နဝင်းတာရိုးအရှေ့ခြမ်းတွင် အိမ်ခြေ ၁၃၇လုံး၊ အိမ်ထောင်စု ၁၃၉ စု လူဦးရေ ၆၃၄ ဦး၊ နဝင်းတာရိုးအနောက်ခြမ်းတွင် အိမ် ခြေ  ၇၀  လုံး၊ အိမ်ထောင်စု ၇၄ စု လူဦးရေ ၃၂၄ ဦး စာရင်းကောက်ခံရရှိခဲ့သည်။ စုစုပေါင်း အိမ်ခြေ ၃၇၆၊ အိမ်ထောင်စု ၃၈၉၊ လူဦးရေ ၁၇၃၆ ရှိသည်ဟုလည်းသိရသည်။

သို့သော် နဝင်းတာရိုးအပိုင်း (၃) နေထိုင်သူများက ၎င်းတို့သည် ကျူးကျော်မဟုတ်ဘဲ လယ်ကောမြေများကို ဝယ်ယူနေထိုင်ခြင်းဖြစ်ပြီး ကျူးစာရင်းအဖြစ် ကောက်ခံသည့်အတွက် စိုးရိမ်မကင်းဖြစ်ရသည်ဟုဆိုသည်။

“ကိုယ့်အိမ်ရှေ့မှာကိုယ်ရပ်ပြီးဖြေပေးကြပါဆိုတော့ ကျွန်မတို့က အိမ်ထောင်စုဇယားလုပ်ပေးမယ် ထင်နေတာ။ ပြီးလဲပြီးကော နင်တို့ အိမ်ထောင်စု ဇယားလုပ်ချင်ရင် လဝကရုံးကိုလာခဲ့။ မှတ်ပုံတင်လုပ်ချင်ရင် လဝကရုံးကိုလာခဲ့ကြပါတဲ့။ ဒါက ကျူးကျော်နေရာမလို့ နင်တို့ကို နာမည်စာရင်းလာကောက်တာ အဲ့လိုပြောပါတယ်”ဟု နဝင်းတာရိုးအပိုင်း (၃) နေထိုင်သူတစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required