Y-8 လေယာဉ် ပျက်ကျမှုဖြစ်စဉ်မှ ကျန်ရစ်သူများအတွက် ကျပ်သိန်းပေါင်း တစ်သောင်းနီးပါး လှူဒါန်း

Y-8 လေယာဉ် ပျက်ကျမှုဖြစ်စဉ်မှ ကျန်ရစ်သူများအတွက် ကျပ်သိန်းပေါင်း တစ်သောင်းနီးပါး လှူဒါန်း
ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ ဇနီး ဒေါ်မြမြစန်းက အလှူငွေ ကျပ်သိန်း ၃၀၀အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်နေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန် ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 တွင်ပါရှိသွားသည့် လေယာဉ်အမှုထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူများအတွက် စေတနာရှင်အလှူရှင်များက ကျပ်သိန်းပေါင်း တစ်သောင်းနီးပါး(၉၉၁၈ဒဿမ ၅၂သိန်း)အား ဇွန်လ ၁၀ရက်တွင် ပေးအပ်လှူဒါန်းခဲ့သည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမတွင် ပြုလုပ်သည့် အဆိုပါ အလှူငွေများပေးအပ်လှူဒါန်းပွဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှုင်ကိုယ်တိုင် တက်ရောက်ပြီး အမှာစကား ပြောကြားသည်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ တပ်မတော်ရဲ့သမိုင်းမှာလည်း တခါမှ မရှိပါဘူး။ အဆိုးရွားဆုံးသော ပျက်စီးဆုံးရှုံးမှု ဖြစ်ပါတယ်။ ဘယ်လိုမှကို မမျှော်မှန်းခဲ့ဖူးပါဘူး။ ဒါမျိုး အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ တော်တော်ကို ခံစားရပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“ကျန်ခဲ့တဲ့ မိသားစုတွေ ရှိပါတယ်။ တချို့ကလည်း မိဘမဲ့သွားတယ်။ သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် ကျွန်တော်တို့ လုပ်သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားသည်။

ယနေ့ လှူဒါန်းကြသည့် စေတနာရှင်အလှူရှင်များအနက် ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ ဇနီးဖြစ်သူ ဒေါ်မြမြစန်းကိုယ်တိုင် ကျပ်သိန်း ၃၀၀အား လာရောက်လှူဒါန်းသည်ကို တွေ့ရသည်။

ဇွန် ၇ ရက်တွင် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း တပ်မတော်သားများနှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 200 F အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၀) သည် စစ်သည်/မိသားစု ၁၀၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအဝင် ကုန်တန်ချိန် ၂.၄ တန်ခန့်သယ်ဆောင်၍ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာပံျသန်းခဲ့သည်။

အဆိုပါလေယာဉ်သည် အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၁၉၅ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မြေပြင်တပ်များက ဒေသခံပြည်သူများ၊ ဒေသခံရေယာဉ်များနှင့် ပူးပေါင်း၍ ကျောက်နီမော်ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်ခန့်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်း ရှာဖွေရာမှ ယနေ့အထိ ရုပ်အလောင်း ၃၃လောင်း ရရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရုပ်အလောင်းများအနက် ၁၉လောင်းအား စစ်ဆေးရာတွင် တစ်စုံတစ်ရာ ပေါက်ကွဲမှုကြောင့်ဖြစ်သည့် အနေအထားမျိုး မတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

“သူတို့အလောင်းတွေကို ကြည့်တဲ့နေရာမှာ ဆားငန်ရေနဲ့ ထိတဲ့ ဒဏ်တွေကို တွေ့ရပါတယ်။ ပေါက်ကွဲ ပျက်စီးလို့ ဖြစ်သွားတဲ့ အနေအထားမျိုး မတွေ့ပါဘူး” ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းအား တိတိကျကျ မသိသေးသော်လည်း လတ်တလော စိစစ်မှုများအရ ရာသီဥတု ဆိုးရွားမှုကြောင့်မှာ ပို၍ ဖြစ်နိုင်ချေများလျက်ရှိသည်။

“ဖြစ်နိုင်ချေကတော့ Weather(ရာသီဥတု)ကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ၁၀၀ရာခိုင်နှုန်းတော့ မပြောပါဘူး။ စိစစ်နေပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required