တိရစ္ဆာန်ရုံအနီးရှိ Morning Star စားသောက်ဆိုင်ကို သစ်တောဦးစီးဌာနမှ ဖယ်ရှားမည်

တိရစ္ဆာန်ရုံအနီးရှိ Morning Star စားသောက်ဆိုင်ကို သစ်တောဦးစီးဌာနမှ ဖယ်ရှားမည်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၁၀ ။                  ။ ရန်ကုန် တိရစ္ဆာန်ရုံအနီးဖွင့်လှစ်ထားရှိသည့် Morning Star စားသောက်ဆိုင်ကို အပြီးအပိုင် ဖယ်ရှားပေးရန် အကြောင်းထားပြီး ဇွန်လ ၁၁ မနက်ပိုင်းတွင် ဖယ်ရှားရှင်းလင်းမည်ဟု သစ်တောဦးစီးဌာနမှ အဆိုပါဆိုင်ရှေ့တွင် အသိပေးစာကပ်ထားသည်။

အဆိုပါ စားသောက်ဆိုင်ကို ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင် အပြီးအပိုင်ဖယ်ရှားပေးရန် ညွှန်ကြားထားသော်လည်း ဆိုင်ပြောင်းရွှေ့ဖွင့်လှစ်ရန် လိုအပ်သော အချိန်အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဧပြီအထိ ဆိုင်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

သို့သော် ဇွန် ၁၀ ရက် ညနေပိုင်းထိ အဆိုပါဆိုင်သည် ဖယ်ရှားခြင်း မရှိသေးဘဲ ဆက်လက် ဖွင့်လှစ်ရောင်းချလျှက်ရှိသည်ကို တွေ့ရသည်။ Morning Star ဆိုင်သည် ယင်းနေရာ၌ ၁၀ နှစ်ကျော်ခန့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၅ ရက်တွင် ဥပဒေနှင့်အညီ ဖယ်ရှားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုခဲ့ပြီး စားသောက်ဆိုင်ပိုင်ရှင်ကိုလည်း အကြောင်းကြားထားပြီးဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အထက်ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်မင်းခေါင်လမ်းထောင့်ရှိ သစ်တောဦးစီးဌာနပိုင်နေရာပေါ်တွင် ဖွင့်လှစ်ထားသည့် Morning Star စားသောက်ဆိုင်ကို ၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်ကာ ဖယ်ရှားရန်အကြောင်းကြားခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် အပြီးတိုင်ထပ်မံဖယ်ရှားခိုင်းခြင်း ဖြစ်သည်။

၁၉၉၅ ခုနှစ် အစိုးရ အိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေအရ နို့တစ်စာ နှစ်ကြိမ်ပေးပို့ပြီး ဖြစ်သော်လည်း ဖယ်ရှားမှုမရှိခြင်း၊ အယူခံဝင်ရောမှု မအောင်မြင်ခြင်းနှင့် ဖယ်ရှားပေးရန် သတ်မှတ်ကာလ ကျော်လွန်ပြီး ဖြစ်သောကြောင့် ဇွန်လ ၁၁ရက်တွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီဖယ်ရှားရှင်းလင်းမည်ဟုလည်း အသိပေးစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly