စိုက်ပျိုးရေးနှင့် ရေကြောင်းအသုံးချမှုလုပ်ငန်းများတွင် ဖက်စပ်လုပ်ကိုင်ရန် နယ်သာလန်စိတ်ဝင်စား

စိုက်ပျိုးရေးနှင့် ရေကြောင်းအသုံးချမှုလုပ်ငန်းများတွင် ဖက်စပ်လုပ်ကိုင်ရန် နယ်သာလန်စိတ်ဝင်စား

လယ်ယာစိုက်ပျိုးရေးအပါအဝင် စီးပွားရေးလုပ်ငန်းကဏ္ဍများတွင်ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် နယ်သာလန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားနေကြောင်း   မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံမတ်ကြီး၏ ပြောကြားချက်အရသိရသည်။

ဇွန်လ ၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် နယ်သာလန်-မြန်မာ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွင် မဇ္ဈိမသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဟင်းသီးဟင်းရွက်၊ ပန်းမန်၊ အာလူးစတဲ့ ကဏ္ဍတွေပါဝင်တဲ့ စိုက်ပျိုးရေးကဏ္ဍကို စိတ်ဝင်စားသလို ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းဖွံ့ဖြိုးရေးစတဲ့ ရေအသုံးချ စီမံခန့်ခွဲမှုနယ်ပယ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဖို့ကိုလည်း စိတ်ဝင်စားပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး မစ္စတာဝေါင်တာရာဂန်စ်က ဆိုသည်။

အဆိုပါဆွေးနွေးသို့ အာဆီယံဒေသတွင်းနိုင်ငံများတွင် လယ်ယာလုပ်ငန်း၊ ရေဆိုးသန့်စင်လုပ်ငန်း၊ အိုင်တီလုပ်ငန်း၊ ပရိဘောဂလုပ်ငန်း အပါအဝင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နယ်သာလန်ကုမ္ပဏီ ၁၃ ခုမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နယ်သာလန်သံရုံးမှ စီးပွားရေးအရာရှိ ဒေါ်စန္ဒာမြင့်က ''သူတို့ မြန်မာပြည်နဲ့ တကယ်ကိုစီးပွားရေးအခွင့်အလမ်းတွေကို ဖော်ဆောင်ချင်တယ်။ တကယ်လည်းစီးပွားရေးလုပ်ချင်တယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့အတွက်ကို Local Partner ရှိမှ အဆင်ပြေမယ်။ သူတို့နဲ့ လက်တွဲပြီးတော့လုပ်မယ့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေကို လာရောက်တွေ့ဆုံရှာဖွေတာ ဖြစ်ပါတယ်'' ဟု ဒေါ်စန္ဒာမြင့်က ဆိုသည်။

နယ်သာလန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံအား ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းကောင်းများရှိနေသည့် နိုင်ငံအဖြစ် မြင်ထားပြီ်း လက်ရှိ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် အတွက် ဘဏ်လုပ်ငန်း ဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများအား လေ့လာလျက်ရှိကြောင်း နယ်သာလန်သံရုံးမှ သိရသည်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက " နယ်သာလန်လုပ်ငန်းရှင်တွေ လာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ အကုန်ုလုံံးအတွက်အကျိုးရှိတယ်။ လုပ်နိုင်ဖို့နဲ့ ပုံဖော်နိုင်ဖို့ပဲလိုတယ်။ စိုက်ပျိုးရေးကလည်း စိုက်ပျိုးရေးအပိုင်းပေါ့နော်။ ရေဆိုးရေသန့်တွေကလည်း ရန်ကုန်တို့ မန္တလေးတို့လို မြို့ကြီးတွေမှာ အကုန်လိုတယ်။ ဒါကို သက်ဆိုင်တဲ့လူတွေကလည်း သူတို့နဲ့ ပေါင်းလုပ်ဖို့ လိုတယ်။ အခြေခံအဆောက်အအုံ တည်ဆောက်ဖို့ကလည်း ပါတယ်။ နောက်တစ်ခါ သူတို့ဘဏ်တွေ ပါတယ်။ ငွေချေးချင်တယ်။ ဒါကိုလည်း လုပ်နိုင်ဖို့လိုတယ်" ဟု ဆိုသည်။

နယ်သာလန်နိုင်ငံသည်မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် နိုင်ငံများတွင် ရင်းနှှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၉၈ သန်းကျော်ဖြင့် အဆင့် ၉ နေရာတွင် ရောက်ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly