The Voice အမှုအတွက် လက်ပတ်ဖြူလှုပ်ရှားမှုများ ပြည်မြို့တွင်ပြုလုပ်

The Voice အမှုအတွက် လက်ပတ်ဖြူလှုပ်ရှားမှုများ ပြည်မြို့တွင်ပြုလုပ်
ဓာတ်ပုံ - ရေခဲ(ပြည်)

ပြည်၊ ဇွန် ၁၀ ။             ။ တပ်မတော်က ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့ သည့် The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် လွတ်မြောက်ရေးအတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇွန်လ ၁၀ ရက်က  မြေလတ်ဂျာနယ်လစ်ကွန်ရက်က ဦးဆောင်ကာ လက်ပတ်ဖြူလှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့သည်။

“အမှန်တော့ သရော်စာ ဆိုတာ သူတို့မှားယွင်းနေတဲ့ပုံစံလွဲမှားနေတဲ့ဟာတွေကို ထောက်ပြတာ။ စာနယ်ဇင်းဆရာတွေက ဒီလိုထောက်ပြခွင့်တော့ ရှိရမယ်။ ဌာနတွင်းမှာ မဟုတ်တာ မမှန်တာတွေ လွဲမှားနေတာတွေပြင်ဖို့အတွက် ဒီကလောင်လက်နက်ပဲ ရှိတယ်။ ဒီ ကလောင်လက်နက်ကိုမှ ထောင်ချထားမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်က အဆင်ပြေမှာမဟုတ်ဘူး။ ရှေ့လည်း ဆက်တိုးမှာမဟုတ်ဘူး”ဟု မြေလတ်ဂျာနယ်လစ်ကွန်ယက်မှ DVB သတင်းထောက် ကိုမင်းညိုက ဆိုသည်။

ဇွန်လ ၁၀ရက်နေ့မနက် ၁၀ နာရီအချိန်တွင် ပြည်မြို့၊ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် သတင်းမီဒီယာ သမား ၁၅ ဦးခန့် စုဝေးကာ သတင်းလွတ်လပ်ခွင့် ရရှိရေး ၊ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး ၊ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် လွတ်မြောက်ရေး တို့အတွက် တောင်းဆိုခဲ့ကြသည်။

အဆိုပါသတင်းသမားများသည် သတင်းလွတ်လပ်ခွင့် ရှိရမည်စာတန်းပါ လက်ပတ်ဖြူများပတ်ခြင်း၊ စတစ်ကာများကပ်ခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်း ၊ ပုဒ်မ ၆၆ ဃ အားဆန့်ကျင်သော တူညီဝတ်စုံများဝတ်ခြင်း ထုတ်ပြန်ကြေငြာချက်များ ဝေငှခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။

The Voice သတင်းစာတွင်  ဗြိတိသျှကိုကိုမောင်ရေးသားသော ကျည်ထောင်စုသစ္စာသရော်စာဆောင်းပါး အပေါ် တပ်မတော်က ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့ပြီး ပြည်မြို့တွင်မက  ရန်ကုန် နှင့် မန္တလေးမြို့အခြေစိုက် သတင်းသမားများကလည်း   လက်ပတ်ဖြူလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly