တတိယ မြန်မာနိုင်ငံတော်၏ ပထမမြို့တော် ရွှေဘို (အပိုင်း ၄)

10 June 2017
တတိယ မြန်မာနိုင်ငံတော်၏ ပထမမြို့တော် ရွှေဘို (အပိုင်း ၄)

ရွှေဘိုမြို့ဟာဆိုရင် သမိုင်းအစဉ်အလာကြီးမားတဲ့ ကုန်းဘောင်မင်းဆက်ရဲ့ ပထမဆုံး နန်းစိုက်ရာနေရာလည်း ဖြစ်ပါတယ်။ ရန်ကြီးအောင်၊ ကုန်းဘောင်ခ ငါးမည်ရ ပြည်ရွှေဘို ဘေးရန်ကပြို မုဆိုးဖို ရန်ပြိုတဲ့ နာသိင်္ခ ဘိုးတော်ဒေသလို့ ငယ်ငယ်တုန်းကလည်း ကျောင်းသင်ခန်းစာတွေမှာ သင်ခဲ့ဖူးပါတယ်။ ဒီလိုမျိုး နာမည်ငါးမျိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေဘိုမြို့ဟာဆိုရင် ဟိုအရင်တုန်းကတော့ မုဆိုးဘိုဆိုတဲ့ ရွာလေးပဲ ရှိပါသေးတယ်။ အခုတော့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ခရိုင်အဆင့် ဖြစ်နေပါပြီ။

ဒီ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဟာဆိုရင် ဆန်ရေစပါး စိုက်ပျိုးဖို့ ခက်ခဲလေ့ရှိပါတယ်။ ဒါပေမယ့် ဒီရွှေဘိုမြို့ကတော့ ရေခံမြေခံ ကောင်းတဲ့အတွက် ဆန်ရေစပါးလည်းဖြစ်ထွန်းတယ်။ ဒါကြောင့်မို့ ဒီရွှေဘိုမြို့ဟာ သမိုင်းအစဉ်အလာ ကြီးမားရုံတင်မကပဲနဲ့ ရွှေဘိုဆန်၊ နောက်ပြီးတော့ ရွှေဘိုသနပ်ခါး ဒီအရာတွေကလည်း ရွှေဘိုမြို့ကို ကျော်ကြားစေတဲ့ ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။ 

ရွှေဘိုမြို့ဟာ တတိယမြန်မာနိုင်ငံရဲ့ ပထမမြို့တော်ဖြစ်ခဲ့ပြီး ကုန်းဘောင်မင်းဆက်(၁၁)ဆက်ကလည်း ဒီနေရာမှာ မြစ်ဖျားခံပါတယ်။ နှစ်ပေါင်း ၁၃၃ နှစ်ကြာတည်တံ့ခဲ့သည့် ကုန်းဘောင်မင်းဆက်ကို ပန္နက်ချပေးမယ့် မင်းကောင်း မင်းမြတ်တစ်ပါး မွေးဖွားရာ နေရာပါ။ ဒါ့အပြင် ဆည်မြောင်း ကန်ချောင်းတွေနဲ့ ရွှေဝါရောင်လယ်ကွင်းတွေက ဘူမိနက်သန် နေရာမှန်ကို သက်သေခံနေကြပါတယ်။   ရွှေဘိုကို နောက်ခံထားပြီးရေးဖွဲ့ထားတဲ့ ဗုံကြီးသံ, ကောက်စိုက်တေး၊ ကျေးလက်တေးတွေလည်း ဂီတနယ်ပယ်မှာ အများကြီးရှိနေပါတယ်။

ကုန်းဘောင်မင်းဆက်ရဲ့ ပထမဆုံး နန်းစိုက်ရာမြို့ဖြစ်တဲ့အတွက် မြို့အမည် (၅) မျိုးထိရှိပါတယ်။ မူလရွာက မုဆိုးဖို၊ ဒီကနေမှ ရွှေဘို၊ ရန်အပေါင်းကို အောင်မြင်ရာ ရန်ကြီးအောင်၊ ကုန်းဘောင်နဲ့ အလောင်းမင်းတရား မှည့်ခေါ်ခဲ့တဲ့ ရတနာသိင်္ခ တို့ဖြစ်ပါတယ်။ အခုဆိုရင် ရွှေဘိုမြို့က စစ်ကိုင်းတိုင်းဒေသကြီးကြီးရဲ့ ခရိုင်မြို့တစ်မြို့အဖြစ် စည်ကားနေပါပြီ။

ရွှေဘိုမြို့ဟာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသမှာရှိပြီး မန္တလေးမြို့နဲ့ မိုင် (၇၀) ကျော်ဝေးပါတယ်။ မန္တလေးမြစ်ကြီးနားလမ်းကလည်း ရွှေဘိုမြို့ကို ဖြတ်သန်းသွားပါတယ်။

ရွှေဘိုမြို့က မြန်မာမင်းတွေလက်ထက် ထင်ရှားခဲ့မြို့တော် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရှေးမြန်မာမင်းတွေ တည်ထားခဲ့တဲ့ စေတီပုထိုးတွေ၊ ရှေးဟောင်း အဆောက်အအုံတွေနဲ့ သမိုင်းဝင်ခဲ့နေရာတွေ အများကြီးပါ။

ရွှေတန်ဆာဘုရားက ဘွဲ့တော်နဲ့လိုက်အောင် ရွှေရောင်တွေတောက်နေတဲ့ ဘုရားတစ်ဆူပါ။ ဆင်းတုတော်ကိန်းဝပ်ရာ လိုဏ်ဂူတော်နဲ့တကွ တည်ဆောက်ထားတဲ့ ဂူပုထိုးဖြစ်ပါတယ်။ ဘုရားရဲ့ ဒါယကာက အလောင်းစည်သူမင်းကြီး ကိုယ်တိုင်ဖြစ်ပါတယ်။ ရွှေဘိုမြို့ရဲ့ ထူးခြားတဲ့ ဓလေ့တစ်ခုကတော့ “ရွှေတန်ဆာ အညာဆန်ခြင်း” ပါ။ နှစ်စဉ် ကဆုန်လဆန်း (၁၃)ရက်နေ့ ညနေဆို ရွှေတန်ဆာဘုရား ဆင်းတုတော်ကို မြို့ထောင့်စေတီအထိ ပင့်ပါတယ်။ လပြည့်နေ့ညမှာ မူလကိန်းဝပ်ရာကို ပြန်ပို့ကြပြီး မိုးခေါင်တဲ့နှစ်တွေမှာတော့ အခမ်းအနားနဲ့ မဟာနန္ဒာကန်တော်အထိ ပင့်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ရွှေဘိုသနပ်ခါးဆိုရင်တော့ မိန်းခလေးတွေ အများစု ကြိုက်နှစ်သက်ကြမှာပါ။ ရွှေဘိုရောက်ရင် သနပ်ခါး..ဝယ်ခဲ့ပါလို့ မှာကြရင်တော့ ဒီနေရာကို ဝင်ခဲ့ပါ။

"ဥသြအော်မည် ကုန်းဘောင်တည်" ဆိုတဲ့အတိုင်း မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ်မှာ အလောင်းမင်းတရား ဦးအောင်ဇေယျက မြို့တော်၊ကျုံး၊ နန်းတော် ၊ရွှေချက်သိုစေတီ၊ ပဟိုရ်စင်၊ နတ်ကွန်းတော်နဲ့ ကန်တော် စတဲ့ခုနစ်ဌာနကို တပြိုင်တည်းပန္နက်ချကာ ရွှေဘိုမြို့ကို တည်တော်မှုခဲ့ပါတယ်။ မြို့တော် အကျယ်အဝန်းကတော့ မြန်မာအတိုင်းအတာဖြစ်တဲ့ တာ ၂၀၀၀ ဖြစ်ပြီး တံခါးတော် ၁၀ ခု ထားရှိခဲ့တယ်လို့ မှတ်တမ်းတွေကနေ သိရပါတယ်။

မြို့တည် နန်းတည် (၇)ဌာနထဲမှ ရွှေချက်သိုစေတီနဲ့ ပဟိုရ်စင်ကတော့ ရွှေဘိုနန်းတော်ရာရဲ့ မြောက်ဘက်စွန်းစွန်းမှာ ရှိပါတယ်။ အလောင်မင်းတရားကြီးရဲ့ ဇာတိချက်ကြွေနေရာမှာ အထိမ်းအမှတ်အဖြစ် တည်ထားခဲ့တာကြောင့် ရွှေချက်သို စေတီလို့ ဘွဲ့တော်ဆက်ကပ်ခဲ့တာပါ။ ပဟိုရ်ခေါင်းလောင်းတော်ကိုတော့ စေတီ၏ အရှေ့တောင်ဘက်က စင်မြင့်ကြီးပေါ်မှာတွေ့နိုင်ပါတယ်။

ရွှေဘိုမြို့မဈေးရဲ့ အနောက်ဘက်မှာတော့ ရွှေဘုံရတနာ မင်္ဂလာနန်းတော်ကြီး ရှိပါတယ်။ ဒီနန်းတော်ကိုတော့ ၁၉၉၄ ခုနှစ်မှာ မှုလပုံစံနန်းတော်ရာအတိုင်း အသစ်ပြန်တည်ဆောက်ခဲ့တာပါ။ အလောင်းမင်းတရားဦးအောင်ဇေယျ သားတော် နောင်တော်ကြီးမင်း လက်ထက်ထိ ရွှေဘိုမြို့ကို မင်းနေပြည်တော် အဖြစ်ထားရှိခဲ့ပါတယ်။ ဆင်ဖြူရှင်မင်း လက်ထက်မှာတော့ ရွှေဘိုမှာ နှစ်နှစ်သာ နန်းစိုက်ခဲ့ပြီး အင်းဝသို့ မင်းနေပြည်တော် ရွေ့ပြောင်းခဲ့ပါတယ်။ အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့စဉ်က နန်းတော်ရာနေရာကို အကျဉ်းထောင်အဖြစ် အသုံးပြုခဲ့ပါတယ်။

ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဒေါင့်အရပ်မှာ တည်နေတဲ့ စေတီကတော့ ဒေသခံတွေအခေါ် မြို့ဒေါင့်စေတီပါ။ မော်တောမြင်သာလို့ ဘွဲ့တော်ရှိပါတယ်။ အလောင်းမင်းဘုရားတည်ထားခဲ့တဲ့ နံတော်သင့်စေတီလည်းဖြစ်ပါတယ်။ ကျုံးမြို့ရိုး နဘေးမှာ ရှိပါတယ်။ ဒီမြို့ဒေါင့် စေတီဘုရားပွဲက ရွှေဘိုမြို့ရဲ့ ကြီးကျယ်စည်ကားလှတဲ့ပွဲတော် တစ်ခုလည်းဖြစ်ပါတယ်။

မော်တောမြင်သာ ဘုရားနဲ့ ပတ်သက်ပြီး ဆိုရိုးစကား တစ်ခုလည်း ရှိပါတယ်။ အလောင်းမင်းတရားကြီး ပဲခူးကိုရောက်စဉ် မွန်ဘုရင်က တစ်ပင်တိုင် မင်းသမီးလေးတစ်ပါးကို ဆက်သပါတယ်။ တနေ့ မင်းသမီးလေးက ပဲခူးက ရွှေမော်ဓောဘုရားကို ဖူးပါရစေဟု မင်းတရားကြီးထံ ခွင့်ပန်ပါတယ်။ မင်းကြီးက ပဲခူး ရွှေမော်ဓောစေတီ အချိုးအစားအတိုင်း တည်တော်မှုခဲ့တာဖြစ်ပြီး မော်တောမြင်သာ ဘွဲ့တော်ဆက်ကပ်ခဲ့တာလို့လည်း ဆိုကြပါတယ်။

မြို့ဒေါင့်စေတီရဲ့ မြောက်ဘက်အတိုင်း ကျုံးကို ကျော်လာရင်တော့ ရွှေဘိုရဲ့ အလှဆည်းဆာဆီကို ရောက်မှာ။ ညနေစောင်းမှာ လှနေတဲ့ မဟာနန္ဒာကန်က ရပ်သပ်ရှုမောဖွယ်ပါ။ ရွှေဘိုကို ရောက်လို့  မဟာနန္ဒာကန်ကို ညနေစောင်းချိန် မဝင်ဖြစ်ခဲ့ရင်တော့ ရွှေဘို အလှမပြည့်စုံဖူးရယ်လို့ ဆိုချင်ပါတယ်။

အပိုင်း (၁) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည်။ http://mizzimaburmese.com/article/27144

အပိုင်း ( ၂ )ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/27426

အပိုင်း ( ၃)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင် ပါသည်။ http://www.mizzimaburmese.com/article/27696

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly