အစိုးရနဲ့ လွှတ်တော် ဟန်ချက်ညီရဲ့လား (နိဂုံးပိုင်း)

09 June 2017
အစိုးရနဲ့ လွှတ်တော် ဟန်ချက်ညီရဲ့လား (နိဂုံးပိုင်း)

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

အဲတော့ ဆရာဦးကျော်ဇေယျကို ကျွန်တော် မေးပါရစေ။ ကျွန်တော်တု့ိ ပြီးခဲ့တဲ့လွှတ်တော်တုန်းကတော့ ဆရာဦးရန်ကျော်လည်း ပြောခဲ့တယ် နည်းနည်း ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖြစ်ခဲ့တယ်ပေါ့နော်။ တကယ့်တကယ် သူမနာ ကိုယ်မသာဆိုတဲ့ မဲအရေအတွက် ရလဒ်တွေနဲ့ အင်မတန်မှ စိတ်ဝင်စားစရာကောင်းခဲ့တဲ့ လွှတ်တော် အခင်းအကျင်းဖြစ်ခဲ့တယ်။ ကောင်းသည်ဆိုးသည်ကတော့ တစ်မျိုးပေါ့နော်။ အဲတော့ကျွန်တော်တု့ိ ဒီလွှတ်တော်မှာရော အစိုးရသစ်ရဲ့ လွှတ်တော် သက်တမ်းမှာကျတော့ ကျွန်တော်တို့က သိပ်ပြီးတော့မှ စိတ်ဝင်စားစရာ မကောင်းဘူးလို့လည်း ပြောလို့ရတယ်ပေါ့နော်။ အဲတော့ ကျွန်တော်တို့က အပြန်အလှန်ထိန်းကျောင်းမှုကို ပြန်ပြီးတော့ ချိတ်ဆက်ပြီးတော့ ပြန်ပြောရမယ်ဆိုရင် ဒီ လွှတ်တော်ဥက္ကဋ္ဌတွေက အားနည်းချက်ရှိနေလို့လား။ ဒါမှမဟုတ် သူတို့မှာ လိုအပ်ချက်ရှိနေလို့ ဒီအစိုးရကို ပြန်ပြီးတော့ မထိန်းကျောင်းနိုင်တဲ့သဘောလား။ ဘယ်လိုဖြစ်တာလဲ။

ဦးကျော်ဇေယျ (လွှတ်တော်ကိုယ်စားလှယ်)

ရန်ကုန်တိုင်းဒေသကြီး

အဲဒီမေးခွန်းကို ကျွန်တော်ဖြေရမယ်ဆိုရင် ခုနက စကတည်းက ပြောတယ်လေ။ ပါတီကနေ လွှတ်တော်ဥက္ကဋ္ဌ ရွေးလိုက်တယ်။ လွှတ်တော်ဥက္ကဋ္ဌကို ပါတီကရွေးလိုက်တယ်။ လူမှန်နေရာမှန်ဆိုရင် အိုကေပဲ။ လူမှန်နေရာမှန် လွှတ်တော်တွေမှာတော့ အခု ကျွန်တော်ထင်တယ် တချို့ တိုင်းတွေမှာ အိုကေနေတာတွေရှိတယ်။ တချို့ လူမှန်နေရာမှန် မဟုတ်တဲ့ဟာတွေကျတော့ တော်တော်လေးကို လုပ်ရတာ ခက်သွားတယ်။ အစိုးရအောက်ကို ရောက်သွားတာပေါ့။ ကျွန်တော်တို့က အမှန်တော့ မရောက်စေချင်ဘူးပေါ့။ အစိုးရအောက်ကို ရောက်သွားတဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ်များကလည်း တော်တော်လေး လုပ်ရကိုင်ရတာ ခက်သွားတာပေ့ါ။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေနဲ့တော့ အဲလိုပေါ့ အစိုးရအဖွဲ့ကို သိပ်ပြီးတော့ Check and Valance လုပ်နိုင်ဖို့နေနေသာသာ ကိုယ်က နောက်ကနေ လိုက်နေသလို ဖြစ်နေတယ်။ လွှတ်တော်က နောက်ရောက်နေတယ်။ အခြားဟာမပြောပါနဲ့။ ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လောက်ထိအောင် ကျွန်တော် ပြောလဲဆိုတော့ ကျန်တာတွေမပြောနဲ့ဦး ဒို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ ပြည်လမ်းရှေ့မှာ ဆိုင်းဘုတ်ကအစ ငါတို့ အရင်တုန်းက ဒါ ပြည်သူ့လွှတ်တော်ဝန်ကြီး ဆိုင်းဘုတ်ကအစ ရန်ကုန်တိုင်းဒေသကြီး အစိုးရအပေါ်ပဲ စိုက်လို့ရရင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆိုတာ စိုက်လို့မရဘူးဖြစ်နေတာ။ ကျွန်တော် အဲဒါတွေကိုလည်း တိုက်ပွဲဝင်တယ်။ ဆိုင်းဘုတ်ပါ ကျွန်တော် ဥက္ကဋ္ဌကြီးကို ဆရာကြီးလို့ခေါ်တယ်။ ဆရာကြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရဆိုတဲ့ ဆိုင်းဘုတ်က ပြူးနေအောင် တပ်နေပြီ ပြည်လမ်းဘေးမှာ အခု ရင်ပြင်ရှေ့မှာပေါ့။ ဟာ ကျွန်တော်တို့လည်းတပ်မှာပေါ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆိုပြီးတော့ဆရာကြီး တပ်ပါလားဆိုတော့ ဦးကျော်ဇေယျ ရှူး ဆိုတော့ ဒါက မဟုတ်တော့ဘူး။ တခြားဟာတွေ မတွေးနဲ့တော့လေ။ ကျွန်တော်လည်း လွှတ်တော်ကိုယ်စားလှယ် ဒါကို တချို့ကသိတယ် ဦးကျော်ဇေယျ လွှတ်တော်ကိုသွားတာ နေပြည်တော်ကိုသွားတာလား ဟာ မဟုတ်ဘူးလေ ကျွန်တော်တို့ ရန်ကုန်တိုင်းလွှတ်တော်လေ ဆိုင်းဘုတ်လည်းမတွေ့ဘူး ဟာ သေရောဗျာ။ ကျန်တဲ့ဟာလေးတွေ မကြည့်ပါနဲ့ဦး။ အဲဒီ ဆိုင်းဘုတ်ကိစ္စ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကတော့ အဲလိုအနေအထားလေး ရှိနေတယ်ဆိုတာကို ကျွန်တော် တင်ပြတာပါ။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ကျေးဇူးတင်ပါတယ်။ အဲတော့ ကျွန်တော်တို့က အပြန်အလှန် ထိန်းကျောင်းမှုကို ပြောရမယ်ဆိုရင် ရီစရာတော့ ရီစရာ ဒါပေမယ့် မောစရာပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ နောက်ဆုံးတော့ ကျွန်တော်တို့ အဖြေပြန်ထုတ်ရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ အခုတော့ ကျွန်တော်တို့ အပြန်အလှန်ထိန်းကျောင်းမှုမှာ အင်မတန်မှ အားနည်းနေတယ်လို့ ဒီ စကားဝိုင်းကို ပြန်ပြီးတော့ ချုံ့ပြီးတော့ ကြည့်မယ်ဆိုရင် သုံးသပ်လို့ရတယ်ပေါ့နော်။ အဲတော့ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ဘယ်လို အဖြေထုတ်မလဲ။

ဦးရန်ကျော် (မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ)

အဓိကကတော့ ကျွန်တော်တို့ရဲ့ Capacity တွေပဲ။  ကျွန်တော်တို့က ဘာပဲလုပ်လုပ် လွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ စီးပွားရေးဘာတွေ လုပ်မယ်ဆိုရင် ကျွန်တော်တို့မှ နေရာလေးတစ်ခု ရှိရပါမယ်။ ဒီနေရာလေးကို ကျွန်တော်တို့မှာရှိတဲ့ Capacity တွေနဲ့  လုပ်ရပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကျွန်တော်တို့က ဘာပဲပြောပြော ကျွန်တော်တို့ သတင်းလေးတွေ နားထောင်ရတယ် အကြောင်းအရာလေးတွေကို ကျွန်တော်တို့ ဆက်စပ်ပြီးတော့ လေ့လာရတယ်။ အဲဒါတွေကိုမှ ခုနကပြောတဲ့ ကိုယ့်မှာရှိတဲ့ ဝမ်းစာနဲ့ ဒီဥစ္စာကတော့ မှန်နိုင်တယ် ဒီဥစ္စာကတော့ ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့က သုံးသပ်ပြီးတော့မှ ကျွန်တော်တို့က အဖြေထုတ်ကြရတော့ အဲတော့ Capacity လည်း လိုအပ်တယ်။ ကျွန်တော်တို့ အရင်လွှတ်တော်ကြီး ၅ နှစ်ကို ကျွန်တော် အရင် နည်းနည်းလေးပြောပြမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေပြောတဲ့စကားဆိုရင် ကျွန်တော်တို့က ဥပမာတွေနဲ့ ပြောနေမလားဆိုတာ အမြဲတမ်း အခါအားလျောစွာ ကျွန်တော် နားစွင့်တယ်။ အဲဒီ အရင်လွှတ်တော်ကြီးမှာက တစ်ယောက်ပဲ ကျွန်တော် မှတ်မှတ်ထင်ထင် တွေ့လိုက်တယ် ဇီးသီးဗန်း မှောက်တဲ့ကိစ္စ တော်တော်လေးကောင်တယ်။ ကျွန်တေ်ာတို့ အရင်တုန်းက သခင်ချစ်မောင်က သူတို့ရဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်ထဲမှာ ၄၇ ဖွဲ့စည်းပုံ ပြင်ဖို့ ဦးနေဝင်းက အဲဒီအချိန်မှာ သူက အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ် ဖြစ်နေပြီ။ သူက ၆၀ အထိ သွားရမယ်ဆို သူက ရွေးကောက်ခံတဲ့သူမဟုတ်ရင် သူက ၆ လထက် ပိုပြီးတော့ မနေရဆိုတဲ့ဟာကို ပြင်ဖို့လုပ်တဲ့အချိန်မှာ သခင်ချစ်မောင်က ဒီ ဦးနုကို ကောလိယ ဘုရင်နေရာမှာ သဘောထား။ ဗိုလ်ချုပ်ပြီးနေဝင်းကို ပုဏ္ဏက နေရာမှာ သဘောထားပြီးတော့ သူနဲ့ ကျန်တဲ့ပြည်သူတွေကတော့ ဝိဓူရ ဇာတ်တော်ကြီးနဲ့ ပမာနှိုင်းပြီးတော့ ပြောတာ ဥပမာပေး ကောင်းလွန်းလို့ သခင်ချစ်မောင်နှစ်ယောက် ရှိတဲ့အထဲမှာ သာယာဝတီ သခင်ချစ်မောင် သူက လွှတ်တော်ထဲမှာ တက်တဲ့လူအချင်းချင်းက ပေးတဲ့ဘွဲ့ အင်မတန်မှ ကောင်းတယ်။ အဲလိုမျိုးများ ဘယ်သူများ ပေါ်မလဲလို့ အရင်ငါးနှစ်မှာ မျှော်ခဲ့တယ်ပေါ့။ မဖြစ်ခဲ့ဘူး။ အဲတော့ ဘယ်မှာသွားကြည့်လဲဆိုတော့ Capacity ပဲ။ အဲဒီ Capacity တွေနဲ့ နောက်တစ်ချက်ပေ့ါဗျာ။ နောက်တစ်ချက်မြင်တာကတော့ ဆရာတို့လို ကိုယ်စားလှယ်တွေအတွက်ဆိုရင်တော့ နည်းနည်း Risk ကြီးတာပေါ့ဗျာ။ ကိုယ်နဲ့ သွားပြီးတော့ ထိပ်တိုက်တွေ့မှာကို အစိုးရနဲ့ဆိုတာက ထိပ်တိုက်တွေ အခုလည်း ဒါပေမယ့် ထိပ်တိုက်တော့ မတွေ့သေးဘူးဗျ ကျွန်တော်ထင်တာကတော့ ထိပ်တိုက်တွေ့မယ့်စဲစဲမှာ တေ့လွဲလေးတွေပေါ့ဗျာ။ ဒီလို လွှတ်တော်က Capacity အားကောင်းကောင်းနဲ့ အားကောင်းမောင်းသန် ကိုယ်စားလှယ်တွေရဲ့ တိ လုပ်မှုတွေက ဒါ အစိုးရကို ထိန်းကျောင်းပြီးတော့ မောင်းနှင်မှာပဲ။ အဲတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ Capacity ပြင်းပြင်းနဲ့ အားမနာပဲနဲ့ လုပ်စရာရှိတာကို လုပ်မယ်ဆိုရင်တော့ ဒါဟာ အကြောင်းအရာတစ်ခုအနေနဲ့ ထွက်လာနိုင်ပါတယ်လို့ ဒါ ကျွန်တော်ရဲ့ အမြင်ပါ။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဦးဇေယျာလှိုင်ကို မေးပါရစေ။ အဲတော့ ဆရာက ပြောခဲ့တဲ့အထဲမှာ ကျွန်တော်တို့ ဒီ Capacity ကို ပြောသွားတယ်ပေါ့နော်။ Capacity အပြင် ကိုယ့်ရဲ့ Responsibility နဲ့ Personality  Professional ပေါ့ အဲဒါကို ဖြစ်မှုကိုရော ကျွန်တော်တို့ ဘယ်လိုမျိုး လုပ်ကြမလဲ။

ဦးဇေယျာလှိုင် (အယ်ဒီတာချုပ်)

မော်ကွန်းမဂ္ဂဇင်း

ဟုတ် ဆရာဦးရန်ကျော်ပြောတဲ့ Capacity ကိုလည်း အရမ်း သဘောကျပါတယ်။ ခုနက ကိုမျိုးသန့်ပြောတဲ့ သလိုပေါ့ ကျန်တာတွေလည်း လိုတာပေါ့နော်။ ကျွန်တော်က သတင်းစာ ဆရာဆိုတော့ သတင်းစာဆရာရဲ့ စကားလုံးနဲ့ဆို ကျွန်တော်တို့က တိုင်းဖလိုင်းနဲ့ တိုင်းဖရိန် အရမ်းအရေးကြီးတယ်။ လူတိုင်းမှာ ဒက်လိုင်းရှိတယ်။ မွေးလာတည်းက သူ့မှာ ဒက်လိုင်းက ပါလားပြီးသား။ လူတစ်ယောက်က ဘယ်အချိန်မှာသွားမလဲ။ ဒီအတိုင်းပဲ လွှတ်တော်ဆိုတာကလည်း သူ့ရဲ့ ဒက်လိုင်းက ရှိပြီးသား။ ငါးနှစ်ရမယ် အစိုးရသက်တမ်း ငါးနှစ်ရမယ်။ နောက်ငါးနှစ်ကို ရွေးချယ်မှာလား ဒီဘက်မှာရှိတဲ့ ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းက ခင်ဗျားတို့ကို စောင့်ကြည့်နေတယ်ဆိုတာကို အစိုးရရော လွှတ်တော်ကိုယ်စားလှယ်တွေရော ငြင်းလို့မရဘူး။ ၅ နှစ်ပဲရမယ်ဆိုတော့ ပါတီ၊ ပါတီကရော အမြဲတမ်း မြဲမှာလားပေါ့နော်။ အစိုးရကရော အမြဲတမ်း မြဲမှာလားပေါ့နော်။ ဆိုတော့ အဲဒါက ခုနကပြောတဲ့ လူထုပေါ်မှာ မူတည်တယ်။ အဲတော့ သူတို့လုပ်ရပ်တွေက လူထုအပေါ်ကို သက်ရောက်မှုရှိလာတယ်။ လူထုက တစ်စုံတစ်ရာ ကျပ်တည်းလာတယ်ဆိုရင်တော့ ဘယ်နိုင်ငံရေးသမားမှ ခံစားလို့မရဘူး။ အရင် စစ်အာဏာရှင် အစိုးရခေတ်မှာလည်း လူထုက မခံစားနိုင်တဲ့အခါမှာ တော်လှန်ရေးတွေ ဖောက်ခွဲမှုတွေ ကျွန်တေ်ာတို့ အများကြီး ကြုံတွေ့ပြီးသွားပြီ။ အဲတော့ ဒက်လိုင်း ရှိတယ်။ ငါးနှစ်စီရမယ်။ ငါးနှစ်အတွင်းမှာ ခြေပေါ်အောင် ဘယ်လောက် ကစားနိုင်မလဲ။ ဘယ်လောက်ထိ အကျိုးပြုနိုင်မလဲ။ ဒါက အဆုံးအဖြတ် ပေးလိမ့်မယ်။ အဲဒီ ဒက်လိုင်းကို ခုနကပြောတဲ့ Capacity နဲ့ အဲဒီ အချိန်ပိုအတွင်းမှာ ကျွန်တော်တို့ ဂိုးဘယ်လောက်သွင်းမှာလဲ ဒါကို ကျွန်တော်တို့က ပြန်ပြီးတော့ ချိန်ကြည့်ပါ။ အဲတော့ ဒီစနစ်ကိုပေါ်လာဖို့ ဒီဟာတွေ ဒီနေရာတွေ ရောက်ဖို့ဆိုတာကလည်း ခုနက ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းကနေ ပခုံးထမ်းတင်ထားတာပါ။ ဒီလူတွေကို မေ့ထားမယ်ဆိုရင် နောင် အနာဂါတ်က ကောင်းမှာ မဟုတ်ဘူးဆိုတာ ခုနက လွှတ်တော်ကိုယ်စားလှယ်တွေရော အစိုးရမင်းတွေကပါ ပါတီကလည်း သိဖို့လိုတာပေါ့နော်။ ဆိုတော့ ဒါဟာ အဖြေပဲလို့ ကျွန်တော်ကတော့ မြင်တယ်။

ဦးမျိုးသန့် (တာဝန်ခံ အယ်ဒီတာ)

Mizzima Media

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အဲတော့ ဆရာဦးကျော်ဇေယျ နည်းနည်းလေး အချိန်လည်း လင့်လာပြီဆိုတော့ နည်းနည်းလေး အချုပ်လေး ပြောပေးပါဦး။ Capacity လိုတယ်လို့ ပြောပါတယ်။

ဦးကျော်ဇေယျ (လွှတ်တော်ကိုယ်စားလှယ်)

ရန်ကုန်တိုင်းဒေသကြီး

ဒီ Capacity ကတော့ လိုတာပေါ့နော်။ လိုပါတယ်။ ခုနကပြောသွားပါပြီ လူမှန်နေရာမှန် ဖြစ်ဖို့အတွက် ကျွန်တော်တို့က လွှတ်တေ်ာကိုယ်စားလှယ်တွေ ရောက်လာပြီ အချို့ကဆို အစကတည်းက ပြောပါတယ် လူအမျိုးမျိုးပေါ့ ထောင်ထဲကလူလည်းပါတယ် ပညာအရည်အချင်း နည်းတဲ့သူလည်းပါတယ်။ အကောင်းတွေလည်းပါတယ်။ ကျွန်တော်တို့ အထက်ကို ရောက်နေကြပြီပေါ့။ ရောက်နေကြတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ကကြတော့ အဲဒါလေးတွေပေါ့ တချို့ အတွေးအခေါ်လေးတွေပေါ့ လွှတ်တော်ကြီး ညီညွတ်ဖို့ကြတော့ ဆရာပြောတယ် ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆိုရင် ဒေါ်စန္ဒာမင်းတို့ သူကတော့ အရင်ကလည်း လွှတ်တော်ကိုယ်စားလှယ် လုပ်ခဲ့ဖူးတယ်။ သူ အတွေ့အကြုံရှိတယ်။ ကျွန်တော်ကတော့ အတွေ့အကြုံ မရှိပါဘူး။ အခုမှ တပ်ကအတွေ့အကြုံနဲ့ ပြောဆို ကိုနေဘုန်းလတ်ဆိုရင်လည်း သူက စာရေးဆရာဆိုတော့ အတွေ့အကြုံလေးတွေရှိတယ် ပြောဆိုပေါ့။ တချို့ကျတော့ အဲဒါလေးပေါ့ မေးခွန်းတွေဘာတွေ အဆိုတွေ ဥပမာ ကျွန်တော်တို့ဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် အဆိုပေါ့ မေးခွန်းတစ်ခုမေးတော့မယ် ကိုယ့်မြို့နယ်ထဲမှာ ဒီလမ်းပြင်ဖို့ဟာကို ထပြီးတော့ မမေးစေချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မေးလိုက်ရင် ဝန်ကြီးကလည်း ဖြေမှာပဲလေ ဘတ်ဂျက်ရှိရင် လုပ်ပေးမယ် ဒီအဖြေမျိုးက သိနေပြီဟာကို ကျွန်တော်ကတော့ ဒါက မမေးသင့်ဘူးဆိုတာ ပြောချင်တာပေါ့ ဒါပေမယ့် တစ်ချို့ကျတော့လည်း မေးခွန်း မေးစရာမရှိတော့ ကျွန်တော်တို့ ပါတီကနေ အကဲဖြတ်တယ်ပေါ့ မေးခွန်း ဘယ်နှစ်ခု မေးခဲ့ဖူးလဲ အဆို ဘယ်နှစ်ခုလုပ်ပြီလဲ ဘာလဲ ထောက်ခံစာပါလား မေးတော့ တချို့က မေးခွန်း တစ်ခုမှ မမေးခဲ့ရသေးဘူး။ ကျွန်တေ်ာဆို မေးခွန်း ၇ ခုမေးတယ် ၁ ခုပဲဖြေတယ် ကျန်တဲ့ဟာတွေ မဖြေဘူး။ မဖြေတော့ ကျွန်တော်ဟာတွေက နည်းနည်း ဖြေရတာ ခက်လို့ပေါ့ဗျာ။ မဖြေတော့ အဲဒါက ရှင်းပါတယ်။ အဲဒါလေးတော့ ပြောချင်ပါတယ်။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။ http://www.mizzimaburmese.com/article/27616

အပိုင်း( ၂) ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/27763

အပိုင်း (၃)ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။ http://www.mizzimaburmese.com/article/27865

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly