ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါနိုင်ငံ ဘုရင်ခံချုပ် မစ္စတာ ဒေးဗစ်ဂျွန်စတန် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါနိုင်ငံ ဘုရင်ခံချုပ် မစ္စတာ ဒေးဗစ်ဂျွန်စတန် တွေ့ဆုံ
ဓာတ်ပုံ-MOI

ဇွန် ၉ ။             ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါနိုင်ငံ ဘုရင်ခံချုပ် မစ္စတာ ဒေးဗစ် ဂျွန်စတန်တို့ ဇွန် ၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင် အော်တာဝါမြို့ရှိ ဘုရင်ခံချုပ်နေအိမ် Rideau ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပညာရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ရှေးဟောင်းအဆောက်အဦများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးကြခဲ့သည်ဟု သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Andaz Ottawa Market ဟိုတယ်၌ ဖက်ဒရယ် နိုင်ငံများ ဖိုရမ်မှ စီစဉ်ကျင်းပသည့် ကနေဒါနိုင်ငံ၏ ဖက်ဒရယ်စနစ်တွင် တပ်မတော် ၏ အခန်းကဏ္ဍ၊ တပ်ဘက် - အရပ်ဘက် ဆက်ဆံရေး၊ ကနေဒါ ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုရွန်တိုမြို့ ကွင်းပါခ့်၌ အွန်တိုရီယို ပြည်နယ် ဝန်ကြီးချုပ် မစ္စကက်သရင်းဝင်း နှင့်တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူမျိုးစုများအကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ကနေဒါနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် ဖက်ဒရယ်စနစ်ဆိုင်ရာ အတွေ့အကြုံများ မျှဝေသွားရေး၊ လူငယ်များ အချင်းချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်သွားရေးအတွက် နှစ်နိုင်ငံအကြား ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အပြန်အလှန် စေလွှတ်ရေး၊ အွန်တိုရီယို ပြည်နယ်မှ စေတနာ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ လာရောက်ရေး တို့နှင့်စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးကျော်တင်၊ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly