တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်ကို စတင်တည်ထောင်ခဲ့တဲ့သူ၊ လတ်တလောမှာ လူသူအရောက်အပေါက် နည်းပြီးတော့ မဖွံ့ဖြိုးသေးတဲ့ဒေသတွေကို လိုက်လံကူညီပေးနေတဲ့သူ သူကတော့ တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်က မခင်နှင်းကြည်သာပါ။ သူမကို ချစ်ခင်တဲ့သူတွေကတော့ အေးချမ်းတဲ့ဘဝမှာ သူမကို မြင်ချင်ကြတယ်။ ဒါပေမယ့် သူမရဲ့ သဘောထားကတော့ ဘယ်လိုရှိမလဲ။
မခင်နှင်းကြည်သာ မင်္ဂလာပါရှင့်။
ဟုတ် မင်္ဂလာပါ။
ညီမတို့ရဲ့ YOPE အစီအစဉ်မှာ မေးခွန်း ငါးခု မေးသွားမှာပေါ့နော်။ ဒါကတော့ ပထမမေးခွန်းပါ။ အစ်မ ဟိုတစ်လောက သာသနာ့ဘောင်ထဲ ဝင်သွားတာနဲ့ ပတ်သက်ပြီးတော့ အစ်မကို ချစ်ခင်တဲ့သူတွေက အပြီးဝင်ဖို့ ပြောကြတယ်လေ အဲလိုမျိုး သာသနာ့ဘောင်မှာ အေးချမ်းမှုကို ရှာဖွေဖို့အတွက် အစ်မ ဘယ်လိုအရာတွေကို စွန့်လွှတ်ရသလဲ။
အဓိကကတော့ သံယောဇဉ်ကို စွန့်လွှတ်ရတာပေါ့။ သံယောဇဉ်တွေ စွန့်လွှတ်နိုင်မှလည်း တကယ်အေးချမ်းတာကိုး။ ဆိုတော့ သံယောဇဉ်တွေ စွန့်လွှတ်ရတဲ့အထဲမှာ မိသားစုသံယောဇဉ်၊ သူငယ်ချင်းသံယောဇဉ် နောက်တစ်ခုက အလုပ်သံယောဇဉ်ပေါ့။ နောက်ပြီးတော့ စိုးရိမ်မှု အပြီး တကယ်နေမှာလား မနေဘူးလား အဲဒီစိုးရိမ်မှုတွေပေါ့။
ဟုတ်ကဲ့ပါ။ ဒါကတော့ နံပါတ် (၂) မေးခွန်းပါ။ အစ်မလိုမိန်းကလေးမျိုးကို ယောကျ်ားလေးတွေ ချဉ်းကပ်ဖို့အတွက် မလွယ်ကူတဲ့သဘောပေါ့နော်။ သူတို့အတွက် စိန်ခေါ်မှုတွေက ဘာဖြစ်မယ်လို့ အစ်မ ထင်သလဲ။
အသက်ကြီးနေတာနေမှာပေါ့။ နောက်တစ်ခုက အစ်မကိုယ်တိုင်ကလည်း စွာတာဖြစ်မယ်။ စွာတယ်ဆိုတာက နည်းနည်းတော့ နေရာရွေးတာပေါ့နော်။ မှန်တာဆိုရင်လည်း ခေါင်းမာတတ်တယ်။ နောက်တစ်ခုက ပြောရင်လည်း အာမနာတတ်ဘူးပေါ့။ နောက်တစ်ခုက ကိုယ်သဘောကျတယ်ဆိုရင် လက်ခံ စကားပြောတယ်။ ကိုယ် သဘောမကျဘူးဆိုရင် စိတ်ကို မဝင်စားဘူးပေါ့။ အဲတော့ စိတ်မဝင်စားဘူးဆိုရင် သူတို့ လာပြောနေလည်း ဂရုကို မစိုက်တော့ဘူး။ အဲလို ကြာလာတဲ့အခါကျတော့ ကိုယ့်ကို ဘယ်သူမှလည်း လာမပြောကြတော့ဘူး။
ဟုတ်ကဲ့ပါအစ်မ။ ဒါကတော့ နံပါတ်သုံး မေးခွန်းပါပေါ့နော်။ Surprise မေးခွန်းလေး ဖြစ်မယ်နဲ့တူတယ်။ အစ်မရဲ့တစ်နေ့တာမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်က ဘာလဲ ဘယ်အချိန်လဲပေါ့။ ပြီးတော့ ဘယ်လိုဟာတွေကြောင့် အစ်မ ပျော်ရွှင်ရသလဲ။
အပျော်ရွှင်ဆုံးအချိန်က ညဆိုရင် အစ်မ အိပ်ခါနီးဆိုရင် တရားနာတယ်။ ကျန်တဲ့အချိန်တွေဆိုရင်လည်း အမြဲတမ်း Ear Phone နဲ့ တရားနာလေ့ရှိတယ်။ အဲဒီအချိန်မှာ စိတ်ထဲမှာ ငြိမ်းချမ်းတဲ့အရာကလွဲရင် ဘာမှမရှိဘူးပေါ့။ ဆိုတော့ အဲဒီအချိန်မှာ ပျော်ရွှင်တာထက် ငြိမ်းချမ်းတယ်ပေါ့။ နောက်တစ်ချိန်က စာဖတ်ရတဲ့အချိန်။ အလုပ်တွေအကုန်လုံးကို ပစ်ချ ၅ မိနစ်ရရ ၁၀ မိနစ်ရရ စာဖတ်လိုက်ရတဲ့အချိန်။ နောက်တစ်ခုကကျတော့ စာရေးရတဲ့အချိန်။ စိတ်ထဲမှာ ရေးချင်စိတ်တွေ တအားဖြစ်နေတယ် ဒါပေမယ့် မရေးလိုက်တာ မအားဘူးပေါ့နော် ဒါပေမယ့် အချိန်လေးလုပြီးတော့ စိတ်ထဲမှာပဲ ရေးထားတာတွေရှိတယ်။ တစ်ခါတစ်ရံ ချရေးလိုက်ရတာတွေလည်းရှိတယ်။ အဲဒီအချိန်က တကယ့်ကို လေးလံနေတဲ့အရာတွေကို အောက်ပစ်ချလိုက်ရသလိုပဲ ပျော်သွားတယ် ပေါ့လည်းပေါ့သွားတယ်။
ဒါကတော့ နံပါတ်လေးမေးခွန်းပေါ့နော်။ အစ်မက ဒီပရဟိတလုပ်ငန်းအတွက်သော်လည်ကောင်း လုပ်ငန်းအတွက်သော်လည်ကောင်း ခရီးတွေ ထွက်နေရတယ်လေ။ အဲဒီလို ထွက်နေတဲ့အချိန်တွေက အရမ်းများလွန်းတဲ့အခါကျတော့ အစ်မရဲ့ ကိုယ်ပိုင်အချိန် ရရှိဖို့အတွက် အစ်မ ဘယ်လို စီမံ ခန့်ခွဲလေ့ရှိလဲ။
အိပ်ချိန်လျော့တယ်။ စားတဲ့အချိန် လျော့တယ်။ နောက်တစ်ခုက အဖေ အမြဲတမ်းသင်သလို အချိန် ဖြုန်းတာနဲ့ သုံးတာကို အမြဲတမ်း စဉ်းစားနေတယ်။ အချိန်ကို သုံးလိုက်မိပြီလား၊ ဖြုန်းလိုက်မိပြီလားပေါ့။ အမြဲတမ်း အဲဒါကို စဉ်းစားပြီးတော့ အချိန်နဲ့ အချိန်အပေါ်မှာ အမြဲတမ်း စဉ်းစားနေရတယ် တွေးနေရတယ်ပေါ့။ ပြီးတော့ အရင်တုန်းကဆိုရင်တော့ သူငယ်ချင်းတွေနဲ့ လျှောက်သွား။ လျှောက်လည်ပေ့ါနော်။ အဲဒီလိုအချိန်တွေရှိတယ်။ နောက်ပိုင်း အဲဒါတွေကို လျော့ရင်း လျော့ရင်းနဲ့ အဲဒီအချိန်တွေမှာပဲ ကောင်းတာတွေလုပ် သူငယ်ချင်းတွေနဲ့ မတွေ့ဘူးလားမဟုတ်ဘူး တွေ့တယ် အဲဒီအချိန်မှာပဲ လုပ်လိုက်တယ်ပေါ့။
ဒါကတော့ YOPE ရဲ့ နောက်ဆုံးမေးခွန်းပါ။ တကယ်လို့ အကယ်၍ မြန်မာနိုင်ငံမှာသာ ပရဟိတ လုပ်ခွင့်မရဘူးဆိုရင် အစ်မ ဘာတွေလုပ်သွားဖို့ရှိလဲ။
အစ်မတို့က နဂိုကတည်းက ဒီလိုမျိုးခေါင်းစဉ်ရှိလို့ လုပ်ခဲ့ကြတာ မဟုတ်ဘူးလေ။ အစ်မတို့က သူများကို ကူညီချင်လို့ ကူညီနေတာ။ နောက်ဆုံးပေါ့နော် ဒီနိုင်ငံမှာ သူများကို ကူညီစရာမလိုတော့ဘူး မလိုတော့ဘူးဆိုတဲ့ အချိန်ကျရင် ကိုယ့်ကိုယ်ကို ကူညီမယ်။ ဘာကြောင့်လဲဆိုတော့ အစ်မတို့ အသက်ရှင်သန်လာတာ ဒီဘဝထက် ပိုမြင့်တဲ့နေရာတွေကို ရောက်ဖို့။ အဲတော့ ကိုယ့်ကိုယ်ကို ပြန်ကူညီရဦးမယ်။ ဆိုတော့ သူများကို ကူညီစရာမလိုတော့တဲ့အချိန်ကျရင်တော့ ကိုယ့်ကိုယ်ကို ကူညီမှာပေ့ါ။
ဟုတ်ကဲ့ပါ။ အခုလို YOPE မှာ မှတ်သားစရာ မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် အစ်မကို ကျေးဇူးတင်ပါတယ်။
ကျွန်မကလည်း တစ်ခါမှ ဒီမေးခွန်းတွေကို မဖြေဖူးဘူး။ ဖြေခွင့်ရလို့ ကျေးဇူးတင်ပါတယ်။