နာမည်ကြီး ပုဒ်မ ၆၆(ဃ) အား လွှတ်တော်တွင် မကြာခင် ဆွေးနွေးဖွယ် ရှိနေ

နာမည်ကြီး ပုဒ်မ ၆၆(ဃ) အား လွှတ်တော်တွင် မကြာခင် ဆွေးနွေးဖွယ် ရှိနေ
၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့အား ဇွန်လ(၈)ရက်က ဗဟန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်လာစဉ်(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

နေပြည်တော်(ဇွန် ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်ပြီး လွှတ်တော်တွင် အများစုနေရာရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လွှတ်တော်အမတ်တစ်ဦးက လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် (၂)ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း ပါတီစိစစ်ရေးအဖွဲ့၏ ခွင့်ပြုချက်မရသဖြင့် အထမမြောက် ဖြစ်ခဲ့ရသည်။

NLD အမတ်များသည် လွှတ်တော်တွင် မေးမြန်းမည့် မေးခွန်းနှင့် တင်သွင်းမည့် အဆိုများကို ပါတီ၏ စိစစ်ရေးအဖွဲ့ထံ ကနဦး တင်ပြရခြင်းဖြစ်ပြီး အဖွဲ့၏ ခွင့်ပြုချက်ဖြင့် မေးမြန်း၊ တင်သွင်းကြရခြင်း ဖြစ်သည်။

“ခနလေး ဆိုင်းငံ့ထားပါ။ ဒါကို မမေးပါနဲ့၊ အဲ့လိုပြောတယ်။ မေးခွန်းမေးတာ နှစ်ကြိမ်ရှိပြီ။ စတုတ္ထ(ပုံမှန်လွှတ်တော်အစည်းအဝေး)အကြိမ်တုန်းက တစ်ကြိမ်၊ အခု ပဉ္စမ တစ်ကြိမ်” ဟု ၆၆(ဃ)နှင့်ပတ်သက်ပြီး လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် ကြိုးပမ်းသော်လည်း အထမမြောက်သေးသည့် အခြေအနေကို စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်အမတ် ဦးရဲထွဋ်က ပြောသည်။

“တချို့ဟာတွေ ပြင်ဆင်သင့်တယ်လို့ ယူဆတယ်။ အာမခံ ပေးတာတွေဘာတွေက မပေးချင်တဲ့သူ မပေးဘူး။ ပေးချင်တဲ့သူ ပေးတယ်။ အဲ့လိုလေးတွေ ဖြစ်နေတာပေါ့။ ဥပဒေဆိုတာကတော့ တပြေးထဲ ဖြစ်သင့်တယ်” ဟု ပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်ပြီး ဦးရဲထွဋ်က သူ့အမြင်ကို ပြောပြသည်။

အဆိုပါ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်ပြီး သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးနောက် လွှတ်တော်သို့ တင်ပြထားပြီးဖြစ်သည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးဝင်းထိန်က ဆိုသည်။

“ကော်မရှင်က ဒါနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးပြီ။ ၆၆(ဃ)နဲ့ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို လွှတ်တော်ကို တင်ပြပြီးပြီ” ဟု ဦးဝင်းထိန်က ပြောသည်။

ကော်မရှင်၏ ဆွေးနွေး၊ အကြံပြုချက်များကိုမူ ထုတ်ဖော်ပြောဆိုခွင့်မရှိဟုလည်း ဦးဝင်းထိန်က ရှင်းပြသည်။

ထိုသို့ လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကာ မကြာခင် လွှတ်တော်က ဆွေးနွေး၊ ဆုံးဖြတ်ဖွယ်ရှိနေသည့်အတွက် ဦးရဲထွဋ်၏ မေးခွန်းအား ခွင့်မပြုခဲ့ခြင်းလည်း ဖြစ်သည်။

“နှစ်ခါစလုံးဆိုတာက ကိုယ်တို့ ကော်မရှင်မှာ ပြောစရာ မကျန်လောက်အောင် ဆွေးနွေးပြီးပြီ။ အဲ့ဒီမှာ ကိုယ်ပါတယ်။ ဥက္ကဌက သူရဦးရွှေမန်း။ ကိုယ်ပါတဲ့အတွက်ကြောင့် ဒီဟာကို လွှတ်တော်ကို ပေးတဲ့အထဲမှာ ကိုယ့်ရဲ့ သဘောတူညီချက် ပါတယ်။ ပါတဲ့ဟာကို အဲ့ဒီလူ(ဦးရဲထွဋ်)က သိလို့သော်လည်းကောင်း၊ မသိလို့သော်လည်းကောင်း လာတင်တဲ့အခါမှာ ဒါ မတင်နဲ့။ လွှတ်တော်က မကြာခင် ဆုံးဖြတ်တော့မယ်။ ဒါကြောင့်မို့လို့ မတင်နဲ့” ဟု ဦးရဲထွဋ်၏ မေးခွန်းအား ခွင့်မပြုခဲ့ခြင်းဖြစ်ကြောင်း NLD ၏ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်သူ ဦးဝင်းထိန်က ပြောပြသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ရပ်အား လွှတ်တော်သို့ တင်ပြထားသည်ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းက ၂၀၁၆ နှစ်ကုန်ပိုင်းကတည်းက အတိအလင်း ပြောဆိုထားဖူးသည်။

“(တင်ထားတာ) ကြာလှနေပြီ” ဟု ကော်မရှင် အဖွဲ့ဝင် ဦးဝင်းထိန်ကလည်း ယနေ့ ပြောဆိုသည်။

သို့သော် ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်ကမူ ၎င်းတို့ ကော်မတီထံသို့ မရောက်သေးကြောင်း ပြီးခဲ့သည့် တစ်လခန့်က သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးထွန်းထွန်းဟိန်ထံ တယ်လီဖုန်းဖြင့် ယနေ့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

ဆက်သွယ်ရေးဥပဒေအား ၂၀၁၃ခုနှစ်က ပြဌာန်းထားခြင်းဖြစ်ပြီး ယခုအချိန်တွင် ယင်းဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် အမှု စုစုပေါင်း (၆၈)မှုအထိ ရှိလာသည်ဟု ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ စာရင်းများအရ သိရသည်။ အဆိုပါ (၆၈)မှုအနက် သတင်းမီဒီယာသမားများကို စွဲဆိုသည့်အမှုမှာလည်း (၉)မှု ပါဝင်သည်။

ယင်းပုဒ်မဖြင့်ပင် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့မှာလည်း အနီးစပ်ဆုံးဖြစ်သည့် ယခုလအတွင်း တရားစွဲဆိုဖမ်းဆီးခံထားရသည်။ ယမန်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်မှုတွင်လည်း ဗဟန်းမြို့နယ်တရားရုံးက အာမခံလျှောက်ထားမှုကို ပယ်ချခဲ့သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဌဖြစ်သူ အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအေးမောင်က “ဒီပုဒ်မက ပြင်ဆင်ရုံနဲ့တင် မလုံလောက်ဘူး။ ဖျက်ကို ဖျက်ရမှာ” ဟု မဇ္ဈိမကို ပြောသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly