ပျက်ကျလေယာဉ်ရှာဖွေရာတွင် ရာသီဥတုဆိုးရွားမှုကြောင့် အခက်အခဲရှိနေ

ပျက်ကျလေယာဉ်ရှာဖွေရာတွင် ရာသီဥတုဆိုးရွားမှုကြောင့် အခက်အခဲရှိနေ
ဓာတ်ပုံ-AFP

ရန်ကုန်၊ ဇွန် ၉ ။             ။ ပျက်ကျသွားသော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အတွက် ယနေ့ ဇွန် ၉ ရက်တွင် ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးရွားနေ၍ အခက်အခဲရှိနေကြောင်း ရှာဖွေရာတွင်ပါဝင်သူတစ်ဦးက ပြောသည်။

 “ဒီနေ့မနက်အထိတော့ ၃၁ လောင်းရှိပြီ။ အခုထိတော့ ရှာနေတုန်းပါပဲ။ လေယာဉ်တွေ့တာတော့ မကြားသေးပါဘူး။ ကျွန်တော်တို့ရှာနေတုန်းပါပဲ။ ခေတ်မီထောက်လှမ်းရေးပစ္စည်းတွေနဲ့ ရှာနေတုန်းပါပဲ။ မြင်တဲ့အတိုင်းပဲ။ လှိုင်းလေက အရမ်းထန်နေတော့ ရှာဖွေရေးကိစ္စမှာ အခက်အခဲနည်းနည်းရှိနေတာပေါ့” ဟု ရှာဖွေရေးလုပ်ဆောင်နေသူတစ်ဦးက AFP ရုပ်သံသို့ ပြောသည်။

ရှာဖွေရာတွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၈ စီးနှင့်အတူ ဒေသခံငါးဖမ်းစက်လှေ ၂၀ စီးတို့က ဆက်ရှာဖွေနေပြီး ယနေ့ ဇွန်လ ၉ ရက် ညနေ ၃ နာရီချိန်အထိ ရာသီဥတုပြင်းထန်နေကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ ကြုံ့တွေဖူးသော်လည်း ယခု လူ ရာဂဏန်းကျော် ပါဝင်သည်ကို သိရသည့်အတွက် စိတ်ထိခိုက်ကြောင်း ၎င်းကဆိုသည်။ ယနေ့ ဇွန်လ ၉ ရက်တွင် ရာသီဥတုပြင်းထန်မှုကြောင့်ဘာမှ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

ပျက်ကျလေယာဉ်အား ရှာဖွေရာတွင် တပ်မတော်(ရေ) မှ ဆိုနာအသုံးပြု၍ ရှာဖွေခြင်း၊ ကျွမ်းကျင်ရေငုပ် စစ်သည်များဖြင့် ရှာဖွေခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ဇွန် ၈ ရက် ည ၇ နာရီအထိ ပင်လယ်ပြင်အတွင်းမှ ရုပ်အလောင်း ၃၁ လောင်း ဆယ်ယူရရှိပြီး ရှာဖွေတွေ့ရှိလာသည့် ရုပ်အလောင်းများအနက်မှ ရုပ်အလောင်း ၁၆ လောင်းအား ရုပ်အမည် အတည်ပြုနိုင်ခဲ့သည်။ အမျိုးအမည်ခွဲခြားပြီး ရုပ်အလောင်းများကိုလည်း သက်ဆိုင်ရာမိသားစုများရောက်ရှိချိန်တွင် နာရေးကိစ္စများ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေးယာဉ် Y-8သည် ဇွန်လ ၇ရက်နေ့တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ တပ်မတော်အမှုထမ်းများနှင့် မိသားစုဝင်များ အပါဝင် ၁၂၂ဦး သယ်ဆောင်ကာ ပျံသန်းခဲ့ရာ ပင်လယ်ပြင်တွင်  ပျက်ကျခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required