ပြည်မြို့တွင် လမ်းနှင့် ရေမြောင်းများ ပြုပြင်ပေးရန် ဆန္ဒပြ

ပြည်မြို့တွင် လမ်းနှင့် ရေမြောင်းများ ပြုပြင်ပေးရန် ဆန္ဒပြ

ဇွန်လ ၉ ရက် ။         ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် လမ်းနှင့်ရေမြောင်းများ ပြုပြင်ပေးရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကို ဇွန်လ ၉ ရက်နေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

“နဝင်းနယ်မြေဝါရုံရပ်ကွက် အကောက်တဲလမ်း ၊ ရေလွှဲပေါက်လမ်း ၊ ရွှေလင်းပင်ကျောင်းလမ်း တစ်ကယ်လာကြည့်ပါ။ ကတ္တရာတွေ လုံးလုံး မရှိတော့ဘူး။ ကျောက်စရစ်တွေပဲ ရှိတယ်။ လုံးလုံးပျက်စီးလို့ ချိုင့်တွေတောင် ဖြစ်နေပြီ။ ရေမြောင်းမရှိဘူး။ မိုးရွာရင် လမ်းပေါ်မှာ ရေတွေတင်တယ်။ အိမ်ထဲတွေ ရေဝင်တယ်။ လုပ်ပေးပါဗျာ ။ ကွင်းဆင်းပေးပါ”ဟု ဆန္ဒပြခေါင်းဆောင် ကိုဝင်းလှိုင်က ဆိုသည်။

ထိုနေ့မနက် ၁၀ နာရီအချိန်က ပြည်မြို့နဝင်းနယ်မြေ ဝါရုံရပ်ကွက်မှ လမ်းနှင့်ရေမြောင်းများ ပြုပြင်ပေးရန် ဝါရုံရပ်ကွက်သားတစ်ဦးဖြစ်သည့် ကိုဝင်းလှိုင် ဦးဆောင်သော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဆယ်ဦးခန့်က ပြည်မြို့နယ်စည်ပင်သာယာရေးရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါလမ်းများကို ပြုပြင်ပေးရန်အတွက် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၆ ခုနှစ် အတွင်း စည်ပင်သာယာရေး အဖွဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်များ စည်ပင်ကော်မတီဝင်များ သို့ အကြိမ်ကြိမ် တင်ပြခဲ့သည် ဟုလည်း ဆန္ဒပြသူများကပြောသည်။

စည်ပင်သာယာရေး အဖွဲ့ မှ လေလံပစ်သည့် သားသတ်လိုင်စင် ၊ စက်ဘီးစတန်း ၊ ဈေးအိမ်သာ ၊ ဈေးကောက် နှင့် ဈေးဆိုင်ခန်းများ ၊ ကားကြီးဝင်း ၊ စည်ပင်သာယာဌါနပိုင် အဆောက်အဦးဌါးရမ်းခ များကို လည်း ပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူကို အသိပေးချပြရန် လိုအပ်သည်ဟု ဆန္ဒပြခေါင်းဆောင်ကိုဝင်းလှိုင်က ပြောသည်။

လုပ်ငန်းစီမံကိန်းများကို စည်ပင်သာယာအဖွဲ့တစ်ခုတည်း ဆုံးဖြတ်ချက်ချခြင်းမဟုတ်ဘဲ လွှတ်တော် ကိုယ်စားလှယ် ၊ စည်ပင်သာယာရေးကော်မတီ ၊ စည်ပင်သာယာရေးအဖွဲ့ နှင့်မြို့နယ်အုပ်ချုပ်ရေး တို့ အစည်းအဝေးပြုလုပ် ဆုံးဖြတ်ရကြောင်း ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ အင်ဂျင်နီယာမှူး ဦးအာကာမြတ်သူက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် လူထုတွေ့ဆုံပွဲမှ တင်ပြချက်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များ ၊ စည်ပင်သာယာရေးအဖွဲ့သို့တိုက်ရိုက်တင်ပြချက်များကို နှစ်အလိုက် ကောက်ခံရရှိသည့် ဝင်ငွေ ပမာဏ နှင့်တိုင်းတာ၍ ဦးစားပေးအဆင့်သတ်မှတ်ကာ လုပ်ငန်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၇/၁၈ ဘဏ္ဍာ နှစ်အတွက် နဝင်းနယ်မြေ အတွင်း ကတ္တရာ လမ်း ၅လမ်း ၊ ကွန်ကရစ်လမ်း ၁ လမ်း ၊ Box Culvert ၃ စင်း ၊ အုပ်ရေမြောင်း ပေ ၁၉၀ တစ်ခု ဆောက်လုပ်ရန်ရှိပြီး နဝင်းနယ်မြေ ဝါရုံရပ်ကွက်ရှိ ကိုဝင်းလှိုင်တင်ပြသော လမ်းနှင့်ရေမြောင်းများမပါဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required