သီရိလင်္ကာရေဘေးသင့် ပြည်သူများအတွက် ငွေကြေးလှူဒါန်းခဲ့သည့် မင်းသမီးလီယောင်အေး

သီရိလင်္ကာရေဘေးသင့် ပြည်သူများအတွက် ငွေကြေးလှူဒါန်းခဲ့သည့် မင်းသမီးလီယောင်အေး

သီရိလင်္ကာသတင်းဌာန Lankadeepa က တောင်ကိုရီးယားမင်းသမီး လီယောင်အေးသည် မကြာသေးခင်က သီရိလင်္ကာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ရေကြီးမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဝမ် ၅၆.၂ မီလျံ (ဒေါ်လာ ၅သောင်းခန့်) ကို လှူဒါန်းခဲ့ကြောင်း ဇွန်လ ၆ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

လီယောင်အေးသည် အဆိုပါငွေကြေးများကို မသန်မစွမ်းသူများအား ကူညီပေးနေသည့် တောင်ကိုရီးယား ဖောင်ဒေးရှင်းမှတဆင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သီရီလင်္ကာရေဘေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်နှင့် ရေဘေးကြောင့် မသန်မစွမ်းဖြစ်ခဲ့သူများအတွက် အသုံးချပြုပေးရန် တောင်းဆိုခဲ့သည်။

သူမ၏ လှူဒါန်းမှုကို သီရီလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန်လ ၅ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဖောင်ဒေးရှင်း က အဆိုပါငွေကြေးများကို ကိုရီးယားရှိ သီရီလင်္ကာသံရုံးသို့ ပေးပို့ခဲ့သည်။

လီယောင်အေးက “ ရေကြီးမှုကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရတဲ့ သီရိလင်္ကာပြည်သူတွေရဲ့ သတင်းကိုကြားရတာ ကျမတကယ့်ကို စိတ်မကောင်းပါဘူး။ ဒါကြောင့် ကျမတတ်နိုင်တဲ့ အကူအညီတွေနဲ့ ထောက်ပံ့ပေးတာပါ” ဟု ပြောခဲ့သည်။

လီယောင်အေး၏ နန်းတွင်းရတနာဇာတ်ကားသည် သီရိလင်္ကာနိုင်ငံ၌ အထူးလူကြိုက်များပြီး ကြည့်ရှုသူ ရာခိုင်နှုန်း ၉၀ ကျော်ခန့်ရှိကြောင်း သိရသည်။ ထိုသို့ အားပေးမှုကို မေတ္တာတုံ့ပြန်သည့်အနေဖြင့် လီယောင်အေး သည် ၂၀၁၂ခုနှစ်တုန်းက သီရိလင်္ကာနိုင်ငံ၌ လီယောင်အေး ပညာတော်သင်ရန်ပုံငွေအဖွဲ့အတွက် မတည်ငွေ များ လှူဒါန်းပေးခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly