မန်ချက်စတာဗုံးကွဲမှုအပြီး ပြန်လည်စတင်ခဲ့သော ပထမဦးဆုံး နယ်လှည့်ဖျော်ဖြေပွဲအတွက် ပဲရစ်မြို့အား အာရီရာနာဂရန်ဒီ ကျေးဇူးတင်

မန်ချက်စတာဗုံးကွဲမှုအပြီး ပြန်လည်စတင်ခဲ့သော ပထမဦးဆုံး နယ်လှည့်ဖျော်ဖြေပွဲအတွက် ပဲရစ်မြို့အား အာရီရာနာဂရန်ဒီ ကျေးဇူးတင်

အမေရိကန်အဆိုတော် အာရီရာနာဂရန်ဒီသည် Dangerous Woman ဟု အမည်ပေးထားသော သူမ၏ နယ်လှည့် ဖျော်ဖြေပွဲကို ပြီးခဲ့သောလက မန်ချက်စတာ၌ လူ ၂၂ဦးသေဆုံးခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ခေတ္တ ရပ်နားခဲ့ရပြီး ဇွန်လ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ပဲရစ်မြို့၌ ဖျော်ဖြေပွဲအား ပြန်လည်စတင်ခဲ့သည်။

AccorHotels Arena ၌ ပြုလုပ်ခဲ့သော သူမ၏ ဖျော်ဖြေပွဲပြီးနောက်တွင် ဂရန်ဒီသည် ပဲရစ်မြို့အား ကျေးဇူးတင် ကြောင်းကို ဓာတ်ပုံနှင့်တကွ အင်စတာဂရမ်၌ ဖော်ပြခဲ့ပြီး ယခုလို နယ်လှည့်ဖျော်ဖြေပွဲများ   ပြန်လည်စတင်နိုင် သည့်အတွက် ဝမ်းသာကြောင်း ပြောခဲ့သည်။

ဒါ့အပြင် မန်ချက်စတာ အကြမ်းဖက်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသော သူမ၏ ပရိသတ်များကို ရည်ရွယ်၍ စာတို လေးတစ်ခုကို ရေးသားခဲ့ပြီး “ ရှေ့လျှောက် ကျွန်မတို့ရဲ့ နတ်ကောင်းနတ်မြတ်တွေဆီမှာ ဆုမွန်ကောင်းတောင်း ရပါမယ်” ဟု ပြောခဲ့သည်။

ဒါ့အပြင် “ ကျွန်မရဲ့ ဂီတဝိုင်း၊ အကသမားတွေနဲ့ အဖွဲ့သားအားလုံးအတွက် အလွန်ဂုဏ်ယူရသလို ကျေးဇူးလည်း တင်မိပါတယ်။ ရှင်တို့အားလုံးကို ချစ်ပါတယ်” ဟု ရေးသားခဲ့သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ဂရန်ဒီသည် မန်ချက်စတာ ဗုံးပေါက်ကွဲအတွင်း ထိခိုက်ဆုံးရှုံးခဲ့ရသူများအတွက် ရည်ရွယ်သော ရန်ပုံငွေဖျော်ဖြေပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး သူမနှင့်အတူ ကေတီပယ်ရီ၊ မိုင်လီဆိုင်းရပ်စ်၊ Coldplay အဖွဲ့၊ ဂျက်စတင်ဘီဘာနှင့် အခြားသော အနုပညာရှင်များက သီဆိုဖျော်ဖြေခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly