အစ္စလာမ်နိုင်ငံထူထောင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရနှင့်ပြည်သူအား အကြမ်းဖက်ကြံစည်သူ ၄၁ဦး ယူအေအီး ရုံးတင်စစ်ဆေးမည်

အစ္စလာမ်နိုင်ငံထူထောင်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရနှင့်ပြည်သူအား အကြမ်းဖက်ကြံစည်သူ ၄၁ဦး ယူအေအီး ရုံးတင်စစ်ဆေးမည်

ဒူဘိုင်း၊ သြဂုတ်-၃ ။       ။ သြဂုတ်လ ၂ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်အရ အစိုးရကိုဖြုတ်ချပြီး၊ အစွန်းရောက်နိုင်ငံထူထောင်ရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် စီစဉ်မှုစွဲချက်များဖြင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ အမြင့်ဆုံးအစိုးရရှေ့နေက လူ ၄၁ဦးကို ရုံးတင်စစ်ဆေးတော့မည်ဟု ဆိုသည်။

ရှာဘတ် အယ်လ်မာနာရာ (သို့မဟုတ်) ဗလီမျှော်စင်လူငယ်များဟုခေါ်သည့် အုပ်စုက ခါလီဖိတ်ခေါ် အစ္စလာမ်နိုင်ငံ ထူထောင်ရန်ရည်မှန်းချက်ဖြင့် အစိုးရနှင့်ပြည်သူလူထုကို ဆန့်ကျင်သည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်သွားရန် စီစဉ်ခဲ့သည်ဟု အစိုးရရှေ့နေချုပ် ဆာလင် ဆာအစ် ကူဘိတ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဒူဘိုင်းနှင့် အဘူဒါဘီလို လူမျိုးစုံမြို့များရှိနေသည့် ယူအေအီးက မကြာသေးမီနှစ်များအတွင်း အကြမ်းမဖက်သည့် အစ္စလာမ်အုပ်စုများကိုပင်လျှင် နှိပ်ကွက်လာခဲ့ရာတွင် ဒါဇင်နှင့်ချီသည့် အတိုက်အခံခေါင်းဆောင်များကိုလည်း ထောင်ထဲပို့ပစ်ခဲ့သည်။ ယခုလုပ်ရပ်မှာလည်း ဆီးရီးယားနှင့် အီရတ်တွင် အိုင်အက်စ် အစွန်းရောက်များကို ဖြိုခွင်းနေမှု၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။

နိုင်ငံပိုင် WAM သတင်းအေဂျင်စီက ထုတ်လွှင့်ခဲ့သည့်ကြေညာချက်တွင် တရားခံအချို့မှာ ယူအေအီးနိုင်ငံသားများဖြစ်သည်ဟုသာ ဖော်ပြခဲ့ပြီး တရားစွဲခံရသူများမှာ မည်သည့်နိုင်ငံသားများဖြစ်သည်ကိုမူ စာရင်းအတိအကျ ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။

အဆိုပါအုပ်စုကို လက်နက်များ၊ ပေါက်ကွဲပစ္စည်းများကို တရားဝင်ရယူရန် ရံပုံငွေရှာဖွေမှု၊ အကူအညီရယူရန် နိုင်ငံခြားအကြမ်းဖက်အုပ်စုများအတွက် ငွေရှာပေးမှုများဖြင့်လည်း တရားစွဲဆိုထားသည်ဟုဆို သည်။ ယူအေအီးလူငယ်များကို သိမ်းသွင်းပြီး လက်နက်များပစ်ခတ်နည်း၊ ပေါက်ကွဲပစ္စည်းများဖြင့် တိုက်ခိုက်နည်းများကို လေ့ကျင့်သင်ကြားပေးရန် အဆိုပါအုပ်စုက ကော်မတီတစ်ရပ်ကိုပင် ဖွဲ့စည်းထား ခဲ့သည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required