နည်းပြကွန်တီက သူ့ကို အလိုမရှိတော့ကြောင်း ဒီယေဂိုကော်စတာ ဖွင့်ဟ

နည်းပြကွန်တီက သူ့ကို အလိုမရှိတော့ကြောင်း ဒီယေဂိုကော်စတာ ဖွင့်ဟ

ဇွန် ၈၊ စပိန် ။                 ။ စပိန်အသင်းနှင့် ကိုလံဘီယာအသင်းတို့ ၂ ဂိုးစီသရေကျခဲ့သည့်ပွဲအပြီးတွင် စပိန်နှင့်ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာက ချယ်လ်ဆီးနည်းပြကွန်တီသည် ၎င်းကို အလိုမရှိတော့ကြောင်း သတင်းထောက်များကို ဖွင့်ဟပြောဆိုသွားခဲ့သည်။

ကွန်တီက ၎င်းထံသို့ ဖုန်းမှတစ်ဆင့် မက်ဆေ့ပို့ပြီး ရိုးရှင်းစွာ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ကော်စတာက ဆိုသည်။

ကော်စတာသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၂၂ ဂိုးအထိသွင်းယူပြီး ပရီးမီးယားလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလက တရုတ်ကလပ်များမှ မက်မောလောက်သည့်ငွေကြေးဖြင့် ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ခဲ့သူ ဖြစ်သည်။

‘မိုဘိုင်းဖုန်းထဲကနေ ကွန်တီရဲ့ ရိုးရှင်းတဲ့ မက်ဆေ့ကို ရခဲ့ပါတယ်။ လာမယ့်ရာသီသစ်မှာ ကျွန်တော့်ကို သူ့အနေနဲ့အားထားတော့မှာ မဟုတ်ပါဘူးလို့ ရေးသားထားပါတယ်။

ကျွန်တော်က အခုဈေးကွက်ထဲရောက်နေပါပြီ။ ဒါကြောင့် အသင်းသစ်ရှာရပါမယ်။ နည်းပြက ကိုယ့်ကို အလိုမရှိတော့ဘူးဆိုရင် ခင်ဗျားအနေနဲ့လည်း အသင်းကထွက်ခွာရမှာပါပဲ’ ဟု ကော်စတာက ဆိုသည်။

ကော်စတာက သူ၏အသင်းဟောင်း အက်သလက်တီကိုကြောင့်သာ ချယ်လ်ဆီးကိုစွန့်ခွာမည်ဟု ပြောဆိုခဲ့ဖူးသည်။ သို့သော် လက်ရှိတွင် အက်သလက်အသင်းမှာ ကစားသမားသစ် ဝယ်ယူခွင့် ပိတ်ပင်ခံထားရသည့်အတွက် ကော်စတာအနေဖြင့် အခြားအသင်းသစ်တစ်သင်းကို ရှာဖွေရတော့မည် ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏တိုက်စစ်မှူးဟောင်း လူကာကူကို အဲဗာတန်အသင်းမှ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

ရည်ညွှန်း ဂိုးဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required