တနုုိင်းဒေသမှ စစ်ဘေးရှောင် ၁၀၀၀ ကျော် လမ်းခရီးတွင် သောင်တင်နေဟုဆို

တနုုိင်းဒေသမှ စစ်ဘေးရှောင် ၁၀၀၀ ကျော် လမ်းခရီးတွင် သောင်တင်နေဟုဆို
ဇွန် ၆ရက်က မ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook

ချင်းမိုင်၊ ဇွန် ၇ ။            ။ တပ်မတော်က နယ်မြေရှင်းလင်းမည်ဟုဆိုပြီး ဇွန် ၁၅ရက်နောက်ဆုံးထားကာ ထွက်ခွာခိုင်းသည့်အတွက် တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်သူ ၁၀၀၀ ကျော်မှာ လမ်းခုလတ်တွင် သောင်တင်နေသည်ဟု ဆိုသည်။

ဇွန်လ ၇ ရက်က တနိုင်းမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူးနှင့် အစိုးရဌာနဆိုင်ရာ တာဝန်ခံများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)၏ ကိုယ်စားလှယ်၊ ဘာသာရေးခေါင်းဆောင်များက စစ်ဘေးရှောင်များအား သွားရောက်ခေါ်ယူရန် အစည်းအဝေးကျင်းပခဲ့ရာ အထက်သို့ တင်ပြရန်သာ ဆွေးနွေးနိုင်ခဲ့သဖြင့် ဒေသခံများကို ခေါ်ယူခွင့်မရသေးသည့်အတွက် ယင်းသို့ သောင်တင်နေခြင်းဖြစ်သည်ဟု ဓမ္မဆရာ ဦးနော်တောင်က ပြောသည်။

“မနေ့က သွားကြိုတာ ၄၀၀ ကျော်ပဲ ခေါ်နိုင်တယ်။ စစ်လှေမလောက်လို့။ နမ်ကွမ်ချောင်းဝမှာ ၁၀၀၀ လောက်ရှိတယ်။ ဒိုင်ဖဆိုတဲ့နေရာမှာလည်း ရာနဲ့ချီ ပိတ်ဆို့နေတယ်။ ဒီမနက် ပြန်သွားခေါ်ဖို့ ခွင့်မပြုဘူး။ အစည်းအဝေးမှာ အစိုးရနဲ့ တပ်မတော်က ဘောလုံးပုတ်နေကြတယ်။ တပ်မတော်ကလည်း အစိုးရအုပ်ချုပ်ရေးမှူးတွေ တာဝန်ယူရင် သွားခေါ်၊ အုပ်ချုပ်ရေးဘက်ကလည်း တပ်မတော်က တာဝန်ယူရင် သွားခေါ်မယ်ဆိုပြီး အမျိုးမျိုးပုတ်နေတာ။ ဒါကြောင့် အထက်ကို တင်ပြမယ်ဆိုပြီး ဆွေးနွေးခဲ့ကြတယ်”ဟု ဦးနော်တောင်က ပြောသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးထံသို့ ခွင့်ပြုချက် တင်ပြသွားရန် ဆုံးဖြတ်ခဲ့သည်ဟု သူက ပြောသည်။

ဇွန်လ ၆ ရက်က တနိုင်းမြို့မှ ဘာသာရေးပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက စက်လှေ ၁၂ စီးဖြင့် နမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင် ၄၀၀ ကျော်ကို မြို့ပေါ်သို့ ခေါ်ယူနိုင်ခဲ့သော်လည်း စစ်ဘေးရှောင် ၁၀၀၀ ကျော်မှာမူ လမ်းခရီးတွင် သောင်တင်နေဆဲ ဖြစ်သည်ဟု ဦးနော်တောင်က ပြောသည်။

ထို့ပြင် စစ်ဘေးဒုက္ခသည်များကို သွားရောက်ကူညီရန် ဖွဲ့စည်းထားသည့် ဘာသာရေးပေါင်းစုံမှ ခေါင်းဆောင်များက ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော်သို့ စာရေးအကြောင်းကြားပြီး ဖြစ်သော်လည်း ယနေ့ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သူက ပြောသည်။

တနိုင်းမြို့နယ်အတွင်း တပ်မတော်မှ နယ်မြေရှင်းလင်းမည်ဖြစ်၍ ရွှေမှော်၊ ပယင်းမှော်များတွင် နေထိုင်နေသူများအား ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရန် တပ်မတော်က လေယာဉ်ဖြင့် စာများ ကဲျချခဲ့သဖြင့် မှော်လုပ်သားများနှင့် ဒေသခံ ရွာသားများ ထွက်ပြေးတိမ်ရှောင်နေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required