လူငယ်တွေအတွက် စိတ်ဓါတ်ခွန်အားကို ဖြည့်ပေးဦးမည့် မိစန္ဒီ၏ အသဲလေး

လူငယ်တွေအတွက် စိတ်ဓါတ်ခွန်အားကို ဖြည့်ပေးဦးမည့် မိစန္ဒီ၏ အသဲလေး

တေးသံရှင်မိစန္ဒီ၏ တတိယမြောက် တစ်ကိုယ်တော်ခွေဖြစ်သည့် အသဲလေးအခွေမှာ လာမည့် ၁၇ရက်တွင် ထွက်ရှိမည်ဖြစ်သည်။

အသဲလေးဆိုသည့် Title သီချင်းမှာ လူငယ်ကောင်မလေးများနှင့် တိုက်ဆိုင်မည့်သီချင်းဖြစ်ပြီး ယခုအခွေထဲတွင် လူငယ်များကို စိတ်ဓါတ်ခွန်အားပေးနိုင်မည့် သီချင်းများပါသည်ဟု တေးသံရှင်မိစန္ဒီက   ပြောသည်။

ယခုအယ်လ်ဘမ်အသစ်မိတ်ဆက်ပွဲကို ဇွန်လ ၇ရက် နေ့လည်တစ်နာရီက Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

“ဒီအခွေမှာ ရွက်လွှင့်ဆိုတာ မိုးထက်ရေးထားတာပေါ့။ ရေးကတည်းကတိုင်ပင်တယ်။ Hip Hop ပဲရေးမယ်။ ဒါပေမယ့်လည်း နားထောင်လိုက်ရင် စာသားတိုင်းက အဓိပ္ပာယ်ရှိတဲ့ဟာပေါ့။ ဘဝကဘယ် အချိန်သေမယ်မှန်းလဲ မသိဘူး။ အခုဆိုရင်တွေ့နေရတယ် မိစန္ဒီတို့အရွယ်လေးတွေ သေသွားတာ ဆုံးသွားတာ အဲဒီလိုဆိုတော့အရမ်းခံစားရတယ်။ နောက်ပိုင်းမှာ မိစန္ဒီဘဝကို ပျော်ပျော်လေးနေတက်ပြီး အသက်ကြီးလာလို့လားမသိဘူး ရင့်ကျက်လာတယ်။ ဘဝအကြောင်းတွေ ပိုပြီးတော့ပေးချင်လာတယ် ပရိသတ်ကို။ ရွက်လွှင့်ဆိုလည်း ဘဝကိုပျော်ပျော်ကြီးရွက်လွှင့်မယ်။ ဘာတွေဖြစ်လာမယ်မှန်းလည်း မသိဘူး။ ပိုက်ဆံတွေ ဂုဏ်တွေ စည်းစိမ်တွေ လောဘတွေကအလကားပဲ။ အဲဒိလိုမျိုးလေးရေးထားတယ်။ နောက်တစ်ခုက G Fatt နဲ့က ပုံစံခွက်ထဲက ဘဝများ။ အဲဒါကျတော့ လူငယ်တွေက ရှင်သန်လာတယ် ကြီးပြင်းလာတယ်။ ပုံစံခွက်တွေနဲ့ နေခဲ့ရတယ်။ မိဘတွေက ဒါလုပ် ဟိုဟာလုပ်။ ကိုယ်လုပ်ချင်တာထက် သူများတွေရဲ့ ပုံစံခွက်ထဲမှာနေရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလူငယ်တွေကို အားပေးတဲ့ သီချင်းပေါ့နော်။” လို့ မိစန္ဒီက သူ့ရဲ့ စီးရီးနဲ့ ပတ်သက်ပြီး မီဒီယာများကို ရှင်းပြသည်။

မိစန္ဒီ၏ အသဲလေးအခွေထဲတွင် သီချင်း စုစုပေါင်း ၁၅ပုဒ်ပါဝင်မည်ဖြစ်ကာ Featuring အနေဖြင့် သားသား၊ X Box၊ G Fatt၊ နီနီခင်ဇော် နှင့် Bobby Soxer တို့မှ ဆိုပေးထားသည်။

“မိစန္ဒီအခွေထဲမှာကျတော့ တစ်ပုဒ်ရေးပေးထားတယ် တစ်ပုဒ် Featuring ဆိုပေးထားတယ်။ သီချင်းနာမည်က ငါ့မှာ ချစ်သူရှိပြီးသား။ သီချင်းပုံစံလေးကတော့ Pop,Rap လေးပါပဲ။”ဟု တေးသံရှင် သားသားမှပြောသည်။

အသဲလေးအယ်လ်ဘမ်တရားဝင်ဖြန့်ချီမည့် ဇွန်လ ၁၇ရက် ညနေ ၃နာရီတွင် ရန်ကုန်မြို့ လှည်းတန်းစင်တာ၌ အနုပညာရှင်များနှင့်အတူ လက်မှတ်ရေးထိုးပြီး သီချင်းများကို သီဆိုဖျော်ဖြေပေးမှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly