ရှော်လ်ကေးနောက်ခံလူ ကိုလာဆီနစ်ကို အာဆင်နယ်အပြီးသတ် စာချုပ်ခေါ်ယူ

ရှော်လ်ကေးနောက်ခံလူ ကိုလာဆီနစ်ကို အာဆင်နယ်အပြီးသတ် စာချုပ်ခေါ်ယူ

ဇွန် ၇၊ လန်ဒန်။         ။ အာဆင်နယ်အသင်းသည် အပြောင်းအရွှေ့ဈေးကွက်အတွင်း ပထမဆုံးခေါ်ယူမှုအဖြစ် ရှော်လ်ကေး နောက်ခံလူ ကိုလာဆီနစ်ကို အပြီးသတ်စာချုပ်ခေါ်ယူခဲ့သည်။

ဘော့စနီးယားလက်ရွေးစင်နောက်ခံလူ ကိုလာဆီနစ်ကို အာဆင်နယ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ငါးနှစ်စာချုပ်ခဲ့သည်။

ကိုလာဆီနစ်ကိုခေါ်ယူရန် ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ်၊ အဲဗာတန်၊ ဂျုဗင်တပ်၊ အေစီမီလန်အသင်းများက စိတ်ဝင်စားခဲ့သော်လည်း ကာယကံရှင်က အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ဧပြီလကတည်းက သဘောတူညီမှုရယူထားခြင်းဖြစ်သည်။

အာဆင်နယ်ကို ပြောင်းရွှေ့ခွင့်ရတာ အရမ်းပျော်ပါတယ်။ လားမန်း၊ အွန်နရီတို့လို ဂန္တဝင်ကစားသမားတွေ ကစားခဲ့တဲ့ ကလပ်ဖြစ်သလို ဥရောဝင်ခွင့်အမြဲရတဲ့အသင်းဖြစ်လို့ ပြောင်းဖို့ ရွေးခဲ့တာပါ။ အာဆင်နယ်မှာကစားဖို့ အသင့်ဖြစ်နေပါပြီ ဟု ကိုလာဆီနစ်ကပြောသည်။

အသက် ၂၃နှစ်အရွယ် ကိုလာဆီနစ်မှာ ရှော်လ်ကေးအသင်းတွင်ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၂မှ ၂၀၁၇ ငါးရာသီအတွင်း အသင်းအတွက် ၉၄ပွဲကစားကာ လေးဂိုးသွင်းယူနိုင်ခဲ့သည်။ ဘယ်နောက်ခံလူ ကိုလာဆီနစ်မှာ အာဆင်နယ်အသင်းတွင် ပွဲထွက်ခွင့်ရရန်အတွက် ကီရန်ဂစ်ဘ်၊ မွန်ရီယဲလ်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags