မြန်မာနိုင်ငံသို့ ကုလလူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူ ရောက်ရှိနေ

မြန်မာနိုင်ငံသို့ ကုလလူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူ ရောက်ရှိနေ
မစ္စရန်ဟီလီ ရန်ကုန်လေဆိပ်သို့ သြဂုတ်လ ၂ ရက်နေ့က ရောက်ရှိ - MNA

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးဖြစ်သူ မစ္စရန်ဟီလီသည် တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ သြဂုတ် ၂ ရက်နေ့က ရောက်ရှိသည်။

ကုလလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းမည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ပြောင်းလဲ တိုးတက်မှုဆိုင်ရာ အစီရင်ခံစာအတွက် လာရောက် ပြင်ဆင်ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍လည်း လေ့လာစုံစမ်းမည် ဖြစ်သည်။

"လုပ်ဆောင်ဖို့တာဝန်ပေးထားတာတွေကို မျှမျှတတနဲ့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားမှာပါ။" ဟု မစ္စရန်ဟီလီက ပြောသည်။

သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေအကြံပေးအဖွဲ့များ၊ ပြည်ထောင်စုလွှတ်တော်နာယကနှင့် လွှတ်တော်နှစ်ရပ်လုံး၏ ဥပဒေကြမ်းကော်မတီများ၊ အခြေခံအခွင့်အရေးကော်မတီ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မတီဥက္ကဌ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများဖြင့် တွေ့ဆုံရန်ရှိကြောင်း မြန်မာအစိုးရက ထုတ်ပြန်ထားသည်။

ထို့ပြင် လူထုအခြေပြုအဖွဲ့အစည်းများအပါအဝင် အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမေးမြန်းမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သြဂုတ် ၂ ရက်မှ ၇ အထိ နေထိုင်သွားမည်ဟု သိရပြီး သြဂုတ် ၇ ရက်နေ့တွင် သတင်းစာ ရှင်းပွဲပြုလုပ်မည်ဟု သိရသည်။ အစီရင်ခံစာကိုမူ ယခုနှစ် အောက်တိုဘာ ကုလအထွေထွေ ညီလာခံ၌ တင်သွင်းမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ကုလလူ့အခွင့်အရေးကောင်စီ၏ ၂၀၁၄ ခုတွင် တာဝန်ပေးအပ်ခဲ့ခြင်းခံရသည့် မစ္စရန်ဟီလီ၏ ယခုတစ်ကြိမ် ခရီးစဉ်သည့် သုံးကြိမ်မြောက်ဖြစ်ပြီး ၂၀၁၄ ခု ဇူလိုင်တွင် ပထမဆုံးအကြိမ်၊ ၂၀၁၅ ခု ဇန်နာဝါရီ၌ ဒုတိယအကြိမ် လာရောက်ခဲ့ပြီး ဖြစ်သည်။

ကိုရီးယားနိုင်ငံသား မစ္စရန်ဟီလီသည် တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ကျွမ်းကျင်မှုကို နိုင်ငံအတွင်းသာမက ဒေသတွင်းနှင့် နိုင်ငံတကာ၌ပါ အသိအမှတ်ပြုကြသည်။

မစ္စရန်ဟီလီသည် မြန်မာနိုင်ငံဆိုင်ရာ ငါးဦးမြောက်ဖြစ်ပြီး ပထမဆုံးခန့်အပ်ခံရသူမှာ ဂျပန်နိုင်ငံသား မစ္စတာ ယိုဇို ယိုကိုတို ဖြစ်သည်။ ထို့နောက်  မောရိရှပ်နိုင်ငံသား မစ္စတာရာချ် စိုးမားလာလား၊ ဘာရာဇီး နိုင်ငံသား မစ္စတာ ပေါ်လို ဆာဂျီရို ပင်ညဲရိုး နှင့် အာဂျင်တီးနားနိုင်ငံသား မစ္စတာ သောမတ် အိုဂျေး ကင်တားနား တို့ဖြစ်ခဲ့သည်။

           

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly