တစ္ဆေပျောက်ကြော်ငြာ ရုပ်သံဇာတ်လမ်းတွဲ ဇွန်လ ၁၁ရက်မှ စတင်ပြီး MNTV ရုပ်သံလိုင်းတွင် ပြသမည်

တစ္ဆေပျောက်ကြော်ငြာ ရုပ်သံဇာတ်လမ်းတွဲ ဇွန်လ ၁၁ရက်မှ စတင်ပြီး MNTV ရုပ်သံလိုင်းတွင် ပြသမည်

ရန်ကုန်၊ ဇွန် ၆ ။            ။ Bo Bo ရုပ်ရှင်ထုတ်လုပ်ရေး၏ ပထမဆုံး သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ တစ်ခုဖြစ်သည့် တစ္ဆေပျောက်ကြော်ငြာဟု အမည်ပေးထားသည့် မြန်မာရုပ်သံဇာတ်လမ်းတွဲကို ဇွန်လ ၁၁ရက်မှ စတင်ပြီး MNTV ရုပ်သံလိုင်းတွင် စတင်ပြသသွားတော့မည် ဖြစ်သည်။

Bo Bo Film Production မှ စီစဉ်သည့် တစ္ဆေပျောက်ကြော်ငြာ ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသခြင်း စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ဇွန်လ ၅ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

တစ္ဆေပျောက်ကြော်ငြာ ရုပ်သံဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ဆူးခက်မင်း၊ ဇာတ်လမ်း နှင့် ဒါရိုက်တာ သည်ခေတ်နေမှ ရိုက်ကူး ပုံဖော်ထားပြီး သရုပ်ဆောင်များအဖြစ် ကျော်ကျော်ဗိုလ်၊ ကျော်ကျော်၊ မြတ်သူအောင်၊ နေထူးနိုင်၊ နေဆန်း၊ မိုးမိုး၊ ပြေဇင်၊ နန်းဆုရတီစိုး၊ နွယ်ဒါလီထွန်း၊ ညောင်ညောင်၊ ဂေါ်ဇီလာ၊ စိစိ၊ ပေါင်မုန့်တို့အပြင် တခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြသည်။

ထိုရုပ်သံဇာတ်လမ်းတွဲကို ၂၀၁၆ ခုနှစ်တွင် ရိုက်ကူးထားခြင်း ဖြစ်ပြီး ပြင်ဦးလွင် နှင့် ရန်ကုန်မြို့တို့တွင် ရိုက်ကူးထားခြင်း ဖြစ်ပြီး သည်းထိတ်ရင်ဖို သရဲဇာတ်ကားတစ်ကားအပြင် ဟာသ၊ ဒရမ်မာလည်း ပါဝင်မည့် ရုပ်သံဇာတ်လမ်းတွဲ တစ်ခုလည်းဖြစ်သည်။

ဒါရိုက်တာ သည်ခေတ်နေက “ဒီဇာတ်လမ်းတွဲက ကျွန်တော့်အတွက် ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲလည်းဖြစ်တယ်။ ဇာတ်ညွှန်း ကိုဆူးခက်မင်း နဲ့ ကျွန်တော်နဲ့ သေချာတိုင်ပင်ပြီး ရိုက်ကူးထားတယ်။ mntv ရုပ်သံလိုင်း မှာ ၆လပိုင်းမှာ စတင်ပြသသွားမှာပါ။ ဒီ ဇာတ်လမ်းတွဲ နဲ့ ပတ်သက်ပြီး ပရိသတ်ဆီက ကြောက်တာလေး တစ်ခုတော့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

တစ္ဆေပျောက်ကြော်ငြာ ရုပ်သံဇာတ်လမ်းတွဲတွင် အပိုင်း ၁၆ပိုင်း ပါဝင်ပြီး သရဲဖမ်းသည့် Group တစ်ခုမှ သရဲတွေ လိုက်ရှာပြီး ကြောက်မက်ဖွယ်ရာများ ဖြစ်ပေါ်လာပုံကို ဒါရိုက်တာ မှ ပုံဖော် ရိုက်ကူးထားခြင်း ဖြစ်သည်။

သရုပ်ဆောင် နန်းဆုရတီစိုး မှ “မြန်မာနိုင်ငံမှာ ပြနေတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေထဲကပဲ တကယ့်ကို အရည်အသွေးကောင်းကောင်းနဲ့ ဇာတ်အိမ်ဆန်းဆန်းနဲ့ လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းတွဲက နန်းဆုအတွက် ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲလည်း ဖြစ်တယ်။ ဒီကားလေးက စိတ်ဝင်စားစရာကောင်းလို့ လက်ခံရိုက်ကူး ဖြစ်တာပါ” ဟု ပြောသည်။

ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးထားသည့် တစ္ဆေပျောက်ကြော်ငြာ ရုပ်သံဇာတ်လမ်းတွဲကို ဇွန်လ ၁၁ရက်မှ စတင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့များတွင် ည ၈နာရီ၌ Mntv Free To Air ရုပ်သံလိုင်းတွင် စတင် ပြသသွားတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly