အမ်ဘက်ပီကို ခေါ်ချင်သည့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး နိုက်စ်သို့ရောက်နေ

အမ်ဘက်ပီကို ခေါ်ချင်သည့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး နိုက်စ်သို့ရောက်နေ

ဇွန် ၆၊ နိုက်စ်။              ။ ပေါင်သန်း ၁၁၀ ဈေးနှုန်းသတ်မှတ်ခံထားရသည့် မိုနာကိုတိုက်စစ်မှူး အမ်ဘက်ပီကိုခေါ်ယူချင်နေသည့် အာဆင်နယ်အသင်းမှ နည်းပြ အာစင်ဝင်းဂါးနှင့် အမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်တို့ကို တနင်္လာနေ့က နိုက်စ်မြို့ ကုတ်ဒီအဇူရာလေဆိပ်တွင် တွေ့မြင်ကြ ရသဖြင့် မှန်းဆချက်များမြင့်မားလာခဲ့သည်။ ကုတ်ဒီအဇူရာလေဆိပ်မှာ မိုနာကိုသို့သွားရန် အနီးဆုံးနေရာလည်းဖြစ်သည်။

အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူးကို ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးနှင့် မန်ယူအသင်းတို့ကလည်း စိတ်ဝင်စားနေကြသည်။ ၁၀ ရက်အတွင်းကစားရမည့် ပြင်သစ်အသင်း၏နိုင်ငံတကာပွဲများဖြစ်သော ပါရာဂွေး၊ ဆွီဒင်၊ အင်္ဂလန်နှင့်ပွဲများ အပြီးတွင် အနာဂါတ်ကိုဆုံးဖြတ်မည်ဟု အမ်ဘက်ပီက ပြောဆိုထားသည်။

အာဆင်နယ်အသင်းသည် ပြောင်းရွှေ့ကြေးအနည်းဆုံးယူရိုသန်း ၁၀၀ (ပေါင် ၈၇ ဒသမ ၅ သန်း) ပေးရန်စီစဉ်နေပြီး ပြီးခဲ့သည့်နှစ် ယခုအချိန်ကလည်း မိုနာကိုနှင့်စာချုပ်နိုင်ခြင်းမရှိမီ ကစားသမားဖြစ်သူနှင့် မိသားစုကို တွေ့ဆုံဆွေးနွေးကာ ဖီဖာ၏ လျော်ကြေးဥပဒေနှင့်အညီဆောင်ရွက်ပြီး တစ်ပတ်ပေါင် ၂၃၀,၀၀၀ ဖြင့် စာချုပ်နိုင်ရန် ကြိုးပမ်းခဲ့ဖူးသည်။

အာဆင်နယ်အသင်းအနေဖြင့် ကစားသမားဖြစ်သူနှင့်မိသားစုတို့နှင့် ကာလရှည်တည်မြဲလာသော ဆက်ဆံရေး၊ ဝင်းဂါး၏ လက်အောက်တွင် ခြေစွမ်းလျှင်မြန်စွာတိုးတက်လာနိုင်မှုတို့ဖြင့် အမ်ဘက်ပီအပြင် မိုနာကိုအသင်းကိုပါ ခွင့်ပြုလာအောင် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်နေသည်။

ယခင်သတင်များတွင် ရီးယဲလ်မက်ဒရစ်အသင်းကအာမခံနိုင်ခြင်းမရှိသည့် အထောင်တိုက်စစ်မှူးအဖြစ်ပွဲထွက်ခွင့်ပေးမည်ဟု အာဆင်နယ်အသင်းက ကမ်းလှမ်းမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ကြသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required