ဇွန် ၆ ။ ။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့က ငှက်သိုက်လုပ်ငန်းရှင်တွေအနေနဲ့ကတော့ လက်ရှိအချိန်မှာ တရုတ်ဘက်က ဝယ်လိုအားကောင်းသထက် ကောင်းလာနေတဲ့ အခြေအနေအပေါ် အခွင့်ကောင်းယူ ရင်းနှီးမြုှပ်နှံနေလျက်ရှိပါတယ်။
အလားတူ ဘုတ်ပြင်းမြို့မှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းကတည်းက ဇီဝဇိုးငှက်လေးတွေ နေဖို့ ငှက်အိမ်တွေလည်း ဒါဇင်ပေါင်းများစွာ ပေါများလာတာကို တွေ့ရပါတယ်။ မနက်နဲ့ ညနေခင်းတိုင်းမှာလည်း ဇီဝဇိုးငှက်လေးတွေ လာပြီး အိပ်တန်းတက်ဖို့ လော်စပီကာကနေတဆင့် ဖိတ်ခေါ်သံတွေကိုလည်း ကြားကြရမှာဖြစ်ပါတယ်။
ခုဆိုရင်လည်း အစဉ်အလာအားဖြင့် ကွမ်းသီး၊ ရာဘာနဲ့ ဆီအုန်းထွက်တဲ့ ဘုတ်ပြင်းမြို့မှာ ငှက်သိုက်လုပ်ငန်းကလည်း အဓိက စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။
ခုဆိုရင်လည်း ဆေးဘက်ဝင်တယ်လို့ ယုံကြည်ကြတဲ့ ယင်းငှက်သိုက် တစ်ပိဿာကို ဒေါ်လာ ၂,၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။
"ဒီလူလုပ် ငှက်အိမ်တွေကို ကျွန်တော်တို့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စဆောက်ခဲ့တယ်၊ အစပိုင်းတော့ ငှက်တွေ သူတို့ဘာသာ လာပြီး အိပ်တန်းတက်တဲ့ အိမ်တစ်လုံးပဲ ရှိခဲ့တာပါ၊ အဲဒီနောက်ပိုင်း လူတွေက ခုလို လူလုပ်ငှက်အိမ်တွေ အသီးသီး စဆောက်လုပ်ကြပါတယ်" လို့ ဇီဝဇိုး ငှက်အိမ်တစ်လုံး ပိုင်သူ ကိုပိုင်ဆက်အောင်က ပြောပါတယ်။
အဆိုပါ ငှက်အိမ်တွေကနေ ရလာတဲ့ အဖြူရောင်ငှက်သိုက်အများစုကိုတော့ အိမ်နီးချင်း တရုတ်ဆီကို ရောင်းချနေလျက်ရှိပါတယ်။
ယင်းငှက်သိုက်တွေကိုတော့ စားပွဲတွေမှာ ထည့်သွင်းသုံးဆောင်တတ်ကြပြီး တရုတ်ဘက်က ဝင်ငွေအလယ်အလတ်တန်းစား စားသုံးသူတွေအကြား ဝယ်လိုအား တိုးမြင့်နေလျက်ရှိတယ်လို့လည်း သိရပါတယ်။
ယနေ့အချိန်မှာတော့ ကမ္ဘာတစ်ဝှမ်း ငှက်သိုက်လုပ်ငန်းဟာ ဒေါ်လာ ၅ ဘီလီယံ ရှိနေပြီလို့ ခန့်မှန်းရပြီး အများစုကတော့ အရှေ့တောင်အာရှဒေသမှာ ထွက်ရှိနေတာဖြစ်ပါတယ်။
မြန်မာဆီက ငှက်သိုက်ပြည်ပတင်ပို့မှုလုပ်ငန်းကလည်း ၂၀၁၁ နောက်ပိုင်း မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။