အညာသူတွေ ဦးဆောင်တဲ့ ရိုးရာ လက်မှုပညာ စျေးကွက်

အညာသူတွေ ဦးဆောင်တဲ့ ရိုးရာ လက်မှုပညာ စျေးကွက်
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာ ရက်ကန်းခတ်နေတဲ့ ကျေးလက်အမျိုးသမီးတစ်ဦး။ ရိုးရာလက်မှုလုပ်ငန်းတွေရဲ့ အားသာချက်တွေထဲမှာ  အိုးမကွာ အိမ်မကွာလုပ်ကိုင်နိုင်ခြင်းလည်း ပါဝင်ပါတယ် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

အညာဒေသရက်ကန်းထည်ကိုခိုင်မာတဲ့ဈေးကွက်ရောက်တဲ့အထိအမျိုးသမီးတွေကစီစဉ်နေပါတယ်

ပခုက္ကူ (Myanmar Now) ။                  ။ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာထဲက အိမ်တစ်အိမ်မှာ ၃၅ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး ရက်ကန်းခတ်နေပြီး ရက်ကန်းစင်ပေါ်မှာတော့ ပုံပေါ်စပြုလာတဲ့ ရောင်စုံချည်ထည် ကို တွေ့ရပါတယ်။

သူကတော့ အလုပ်နှစ်ခုလုပ်ကိုင်တဲ့ ကလေးနှစ်ယောက်မိခင် မတူးတူး ဖြစ်ပါတယ်။ မနက် ၈ နာရီဝန်းကျင်အထိ အကြော်ရောင်းပြီးတဲ့အခါ နောက်တိုးအလုပ်ဖြစ်တဲ့ ရက်ကန်းစင်ကို ပြေးရသူပါ။

“အရင်က တစ်လသုံးသောင်းလောက်ပဲရတယ်။ အခုကတော့ တစ်လကို တစ်သိန်းလောက်ရတယ်။ အကြော်ရောင်းတဲ့လုပ်ငန်းလည်း မပျက်ဘူး၊ လုပ်ငန်းနှစ်ခုလုပ်ရတော့ ဝင်ငွေနှစ်ခုရတယ်”လို့ မတူးတူးက ရက်ကန်းစင်မှာ ခန္ဓာကိုယ်ကို အချက်ကျကျ လှုပ်ရှားရင်းပြောပြပါတယ်။

 မတူးတူးတို့ဒေသမှာ ကာလအတန်ကြာ ရက်ကန်းခတ်သံ ခပ်တိုးတိုးထွက်ခဲ့ပြီးအခုမှ အသံ ကျယ်ကျယ် ပြန်ထွက်လာတာပါ။ ဒေသထွက်ရက်ကန်းထည်တွေ နာမည်ကျော်ခဲ့ပြီး ကချင်ရိုးရာအ ဝတ်အထည်များပါ ရက်လုပ်နိုင်တဲ့ အနေအထားကနေဈေးကွက် ပျက်ပြယ်၊ ရောင်းဈေးထိုးကျ၊ ပြည်ပ အဝတ်အထည် မျိုးစုံဝင်ရောက်လာတာတို့ကြောင့်ရက်ကန်းထည်ထွက်ရှိမှု ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရ တာပါ။

  အကူအညီပေးရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်တာအရှိန်ရလာတာကြောင့် သားစဉ်မြေး ဆက် လက်ဆင့်ကမ်းလာတဲ့ လက်မှုပညာ ရက်ကန်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ပြန်လည် လုပ်ကိုင်နေကြပါပြီ။ ရိုးရာရက်ကန်းထည်၊ ချည်ထည်တွေကို ဈေးကွက်သစ်ထိုးဖောက်နိုင်ပါပြီ၊ ဈေးကွက်ရောက်ရှိရေးမှာ ပါဝင်ဦးစီးနေတာကတော့ ဒေသခံအမျိုးသမီးတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးဦးဆောင်မှု

  ပုဂံ၊ ညောင်ဦး၊ပခုက္ကူ၊မြိုင်မြို့နယ် ဒေသခံတွေကိုထိတွေ့ထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များထဲကActionAidအဖွဲ့ဟာတိမ်မြုပ်နေတဲ့ ရက်ကန်း၊ စက်ချုုပ်၊ ကြိမ်ထည် လုပ်ငန်းတွေ ပြန်လည် ဖော်ထုတ်ဖို့ ၂ဝ၁၃ ခုနှစ်ကစတင်ပြီးကြိုးစားခဲ့ပါတယ်။ ကျေးရွာပေါင်း ၁၃၄ ရွာကဒေသခံ ၂,၅ဝဝဝန်းကျင်ကိုလိုအပ်တဲ့ သင်တန်းတွေ၊ ကုန်ကြမ်းတွေပေးအပ်ထောက်ပံ့ပြီးပြီ၊ ကုန်ချောအတွက် ဈေးကွက်လည်းဖော်ဆောင်ထားတယ်လို့ ဒီအဖွဲ့ရဲ့စီမံချက်တစ်ခုဖြစ်တဲ့ လူမူစီးပွား ဖွံ့ဖြိုးမူကွန်ရက်မှ စီစဉ်ညှိနှိုင်းရေးမှူး မမေသဉ္ဖာကျော်စိုးကပြောပါတယ်။

 ရက်ကန်းထည်တွေဟာ နိုင်ငံခြားသားတွေ၊ လူလတ်တန်းစားတွေကြားမှာ ရေပန်းစားနေ တယ်၊ ၂ဝ၁၆ တစ်နှစ်လုံးရောင်းရငွေကသိန်း ၇ဝဝကျော် ရှိတယ် လို့လည်းသူကရှင်းပြပါတယ်။

“ရိုးရာဆိုတာက ကျွန်မတို့ ထိန်းသိမ်းနေသရွေ့ လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမယ့် အရာမဟုတ်ဘူး၊ အမြဲတမ်းရှိနေဦးမှာပဲ” လို့ မမေသဉ္ဖာကျော်စိုးက ဆိုပါတယ်။

  စီမံချက်အရ အမျိုးသမီးလက်မှုပညာ ကုန်ထုတ်လုပ်သူများအသင်းကိုလည်း ဖွဲ့စည်းထားပါ တယ်၊ အသင်းဝင် ၇ဝဝဝန်းကျင်ရှိပါတယ်၊ ဦးဆောင်သူတွေကလည်းအမျိုးသမီးတွေပါပဲ။

နိုင်ငံတကာ စီမံကိန်းတစ်ခုဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့ရဲ့ ၂ဝ၁၅ နှစ်ပတ်လည်အစီရင်ခံစာမှာတော့ ဒီလုပ်ငန်းရဲ့ အရောင်းတိုးတက်မှုနှုန်းက ၂၁ ရာခိုင်နှုန်းရှိ တယ်လို့ ဆိုထားပါတယ်။ ဒါဟာ၂ဝ၁၅ ခုနှစ် ရေဘေးကျရောက်မှု၊ ရွေးကောက်ပွဲကာလကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းမှုဆိုတဲ့ အခြေအနေတွေအောက်မှာ ဖြစ်ထွန်းခဲ့တဲ့ တိုးတက်မှုလို့ ဆိုပါတယ်။ 

 ထွက်ကုန်ဈေးကွက် ရောက်ရှိရေးလုပ်ငန်းမှာ အမျိုးသမီးတွေ ပါဝင်တယ်၊ ဒီစီမံချက်ကနေ "ကလေးသူငယ် စောင့်ရှောက်မှု၊ ဥပဒေရေးရာအကူအညီ၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး"လို မျိုးခါတိုင်း လက်လှမ်းမမီကြတဲ့ ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ အစီရင်ခံစာကဆိုပါတယ်။

ဝယ်ယူခြင်းဖြင့် ကူညီမှု

  ကွန်ရက်ရဲ့စီမံချက်ထဲမ M-Boutikဆိုတဲ့ ရိုးရာလက်မှုပစ္စည်းဆိုင်လည်း ပါဝင်ပါတယ်။ ဒီဆိုင် ကိုညောင်ဦးမြို့မှာတွေ့ရမှာပါ။ဆိုင်တံဆိပ်နဲ့ထုတ်လုပ်ထားတာတွေကိုရန်ကုန်၊ မန္တလေး၊ ညောင်ရွှေအ စရှိတဲ့ ဒေသတွေကဟိုတယ်၊ လက်မှုပစ္စည်းဆိုင်တွေကမှာယူကြပါတယ်။

ချည်ထည်အဝတ်အစား၊ ခေါင်းအုံးစွပ်၊  ဆိုဖာစွပ်၊ လွယ်အိတ်အစရှိတဲ့ လက်လုပ်ပစ္စည်းတွေ မှာကြတဲ့အခါ ၆ဝ ရာခိုင်နူန်း စရံငွေယူပြီးလက်ခံတယ်၊ ဒီငွေကိုကုန်ကြမ်းဝယ်ရာမှာသုံးတယ်၊  ရသမျှ အမြတ်ဟာထုတ်လုပ်သူတို့ရဲ့ လုပ်အားခပါပဲလို့ ကွန်ရက်ရဲ့ စီစဉ်ညှိနှိုင်းရေးမှူး မမေသဉ္ဖာကျော်စိုးက ပြောပါတယ်။

 စီမံကိန်းကို၂ဝ၁၉ ခုနှစ်အထိတိုးချဲ့လုပ်ကိုင်ပြီးရင် အမျိုးသမီးလက်မှုပညာ ကုန်ထုတ်လုပ်သူ များအသင်း လက်ထဲ လုပ်ငန်းစဉ်ကြီးတစ်ခု လုံးလွှဲပြောင်းပေးမယ်၊ ဒေသခံတွေကိုယ်တိုင် ရပ်တည် နိုင်ဖို့ သင်ကြားမှုပိုင်းအပါအဝင် လိုတဲ့ အကူအညီကိုလည်း ActionAid က ဆက်ပေးသွားမယ်လို့ သိရပါတယ်။

ကျေးလက်ဒေသ အမျိုးသမီးအများအပြားဟာ ဝင်ငွေမရှိကြပါဘူး၊ အသက်မွေးဝမ်းကျောင်း သင်တန်း၊ အလုပ်အကိုင်ဖန်တီးမှု အကူအညီတွေရပြီးရင်တော့ သူတို့ ဝင်ငွေရလမ်းပေါ်လာပါပြီ။ သူတို့ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူအားပေးခြင်းဟာလည်း အမျိုးသမီးတွေ ဝင်ငွေရရေးကို အားပေး ထောက်ခံရာ ရောက်သလိုသူတို့နဲ့ သူတို့ရဲ့မိသားစုများဘဝ တိုးတက်ရေးကိုတိုက်ရိုက် လုပ်ကိုင်ပေး ရာရောက်ပါတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ထောက်ပြပါတယ်။

   မြိုင်မြို့နယ် ကျစ်တီးကျေးမှာ ထန်းလျက်ကြို၊ ထင်းခွေ၊ပေါင်းနုတ် စတဲ့ အလုပ်စုံလုပ်ကိုင်သူ ဒေါ်ဌေးကြွယ်ဟာနေ့စဉ် ဝင်ငွေ ၄ဝဝ ကျော်ကျော်သာရှိခဲ့ပါတယ်။ အခုတော့ အထည်ချုပ် အိမ်တွင်းမှု လုပ်ငန်းကသူ့အတွက်ဝင်ငွေ ၄,ဝဝဝ ဝန်းကျင် နေ့စဉ် ဖန်တီးပေးနေပါပြီ။

 “အရင်တုန်းကလိုတော့ စားဖို့သောက်ဖို့ မပူရတော့ဘူးပေါ့” လို့ ဒေါ်ဌေးကြွယ်ကဆိုပါတယ်။

ဒေသခံလူငယ်အများစုဟာရန်ကုန်၊ မကွေးစတဲ့မြို့ကြီးများအပြင် အိမ်နီးချင်းနိုင်ငံတွေအထိ သွားရောက် လုပ်ကိုင်နေကြတာပါ။  ကျေးလက်ဒေသအလုပ်အကိုင် ဖန်တီးပေးတဲ့ အစီအစဉ်တွေက လူငယ်တွေ နေရပ်စွန့်ခွာတာကိုလျှော့ချပေးနိုင်တယ်လို့ ဒေါ်ဌေးကြွယ်ကရှင်းပြပါတယ်။

ဈေးကွက်ချဲ့ထွင်မှု

 ဒေသခံရက်ကန်းသမားအများစုက ကုန်ကြမ်းကို နီးစပ်ရာဆိုင်တွေမှာဝယ်ကြပြီး ရက်ကန်းထည်ထွက်လာရင် အဲဒီဆိုင်တွေမှာပဲ ပြန်သွင်းကြတဲ့အတွက် ဝင်ငွေနည်းပါးခဲ့ပါတယ်။ လိုအပ်တဲ့ သင်တန်း တက်ပြီးတဲ့နောက်မှာတော့ ပိုမိုအမြင်ကျယ်လာပါပြီ။  ကွန်ရက်ကအဆင့်ဆင့် တာဝန်ယူလုပ်ကိုင်သွား တာဖြစ်လို့ ဈေးကွက်အတွက်လည်း စိတ်မပူရပါဘူး။ ပေးတဲ့ ဒီဇိုင်းကို အရည်အသွေးပြည့်မီအောင် ရက်လုပ်ပေးနိုင်မယ်ဆိုရင် လုပ်အားခချည်းသက်သက် တစ်နေ့ ၄,ဝဝဝ ဝန်းကျင် ရနိုင်ပါတယ်။ ဒါက ကျေးလက်ဒေသအတွက် မနည်းတဲ့ ငွေကြေးပမာဏပါပဲ။ ကုန်ကြမ်းဝယ်ဖို့ ငွေစိုက်ထုတ်ပေးထားတဲ့ အစီအစဉ်ကြောင့် အရင်းအနှီးအတွက် ပူစရာမလိုတာကလည်း အားသာချက်ပါ။

  အပ်ထည်တွေပုံကျလာတဲ့အခါ သတ်မှတ်ချိန်အတိုင်းပြီးစီးဖို့ စုစုဝေးဝေး လုပ်ကိုင်ကြရတာမျိုး အတွက် နေရာထိုင်ခင်း၊ လုပ်ငန်းသုံးပစ္စည်း မလုံလောက်တဲ့ အခက်အခဲများကတော့ ရှိနေတုန်းပဲလို့ အမျိုးသမီးလက်မှုပညာကုန်ထုတ်လုပ်သူများအသင်းရဲ့ဥက္ကဋ္ဌမမော်မော်လွင်ကဆိုပါတယ်။

 ပူးပေါင်း ဆောင်ရွက်ရာမှာ ချုပ်ရိုးချုပ်သားသေသပ်မူ၊ အချိန်မီပြီးစီးမှုတို့နဲ့ ပတ်သက်တဲ့ အားနည်းချက်တွေ ရှိနေတာမျိုးကိုတော့ ဖြေရှင်းရဦးမယ်လို့ ကျစ်တီးကျေးရွာသူဥက္ကဋ္ဌက ဆိုပါတယ်။ အကူအညီပေးအဖွဲ့ရဲ့ ဝန်းရံမှု မရှိရင် ဈေးကွက်တိုးချဲ့ရေးခက်ခဲမှာကို မမော်မော်လွင်က စိုးရိမ်နေ ပါတယ်။

 “ဈေးကွက်ကိုတော့ ထိုးဖောက်ကြည့်ချင်တယ်။ ရန်ကုန်ကနေလှမ်းမေးနေတာတွေတော့ ရှိနေတယ်။ အဖွဲ့နဲ့ကလည်းပြန်တိုင်ပင်နေရတယ်။ သူတို့ကလုပ်ရဲရင်တော့ ကျွန်မတို့လည်းရှေ့က သွားရဲတယ်”လို့ အသင်းဥက္ကဋ္ဌမမော်မော်လွင်ကဆိုပါတယ်။

 ချိုင်ကျေးရွာထဲက ရက်ကန်းသံညံနေတဲ့အိမ်လေးထဲမှာတော့ အကြော်သည် မတူးတူးက အားကြိုးမာန်တက် ရက်ကန်းရက်နေဆဲပါ။ ကြုံရာကျပန်းလုပ်ကိုင်တဲ့ အမျိုးသားရဲ့ဝင်ငွေကိုပဲ အားထားရတဲ့ဘဝကနေ လွတ်မြောက်လာပါပြီ။ မတူးတူးရဲ့ လစဉ်ဝင်ငွေ တစ်သိန်းနီးပါးဖြစ်လာတဲ့အတွက် မိသားစုမှာငွေပိုငွေလျှံ ရှိလာသလိုသူ့သားနှစ်ယောက်အတွက် စိတ်ကူးထားတာလေးတွေလည်း အကောင်အထည်ဖော်ဖို့ နီးစပ်လာပါပြီ။

  “ကျွန်မ ပိုက်ဆံလေးတွေ စုထားတယ်၊ ဒီသားလေးတွေကို ရှင်ပြုပေးရအောင်လို့။ တော်တော် လည်း စုနိုင်နေပြီ” လို့ မတူးတူးက သားနှစ်ယောက်ကို ပြုံးကြည့်ရင်း ပြောလိုက်ပါတယ်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly