တိုင်းလွှတ်တော်ကိုယ်စားလှယ်မှ ကန့်ဘလူခရိုင် မူခင်း (အထူး) သတင်းထောက်များကို အမှုဖွင့်

တိုင်းလွှတ်တော်ကိုယ်စားလှယ်မှ ကန့်ဘလူခရိုင် မူခင်း (အထူး) သတင်းထောက်များကို အမှုဖွင့်

ရန်ကုန်၊ ဇွန် ၅ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာ ကျော်သူဟန်ထွန်းက ကန့်ဘလူခရိုင် မူခင်းသတင်းထောက် (အထူးသတင်းထောက်) များကို အမှုဖွင့်ထားသည်ဟု မြို့နယ်ရဲမှူး မိုးမြင့်ဇော်က မဇ္ဈိမသို့ အတည်ပြုပြောခဲ့သည်။

အဆိုပါ ခရိုတွင်းရှိ အထူးသတင်းထောက် ခရိုင်တာဝန်ခံဆိုသူအပါအဝင်၊ သုံးဦးအပြင် ကန့်ဘလူ အထူးသတင်းထောက်တစ်ဖွဲ့လုံးကို အမှု ၃ ခုဖြင့် ကန့်ဘလူရဲစခန်းတွင် အမှုဖွင့်အရေးယူထားခြင်း   ဖြစ်သည်ဟု ကန့်ဘလူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်းက ပြောသည်။

“ခရိုင် တာဝန်ခံဆိုတဲ့သူရယ်၊ ကိုယ့်ကားကိုတားတဲ့သူရယ်၊ ကိုယ့်နာမည်ကို အလွဲသုံးစားလုပ်တဲ့သူ ဒီ ၃ယောက်ကို ဦးတည်ပြီးတော့ ခရိုင်တစ်ဖွဲ့လုံးကို အမှုဖွင့်တာ။ မှုခင်းနှင့် အထူးသတင်းထောက် တစ်ခုလုံးကိုအမှုဖွင့်တာ" ဟု ကိုယ်တိုင်အမှုဖွင့်ထားသူ ဒေါက်တာ ကျော်သူဟန်ထွန်းက မဇ္ဈိမကို ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်နာမည် အလွဲသုံးစားလုပ်မှု၊ ရဲ အယောင်ဆောင်မှု၊ အများပြည်သူလူထုအား မတရားတားဆီးပိတ်ပင်မှု စတာတွေနဲ့ အမှု ၃ ခုတို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကန့်ဘလူမြို့ပေါ်တွင် ကိုယ်စားလှယ်အတွေ့အကြုံ ရှင်းလင်းပွဲမှ ကားဖြင့်အပြန် အထူးသတင်းထောက်ဆိုသူများက ဆိုင်ကယ်ဖြင့်နောက်မှ လိုက်လာသောကြောင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောသည်။ အဆိုပါ သူများမှ လွှတ်တော်ကိုယ်စားလှယ်၏ ကားကို လက်ဖြင့်တားဆီးခဲ့သေးကြောင်း လည်း သိရသည်။

ရဲများအရှေ့တွင် အဆိုပါ မူခင်းသတင်းထောက် (အထူးသတင်းထောက်) ဆိုသူများအား မေးမြန်းရာ တမလန်းသားများ တရားမဝင်သယ်ဆောင်လာသည်ကို ကြား၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမိန့်ဖြင့် စစ်ဆေးခြင်းဖြစ်သည်ဟု ပြန်လည်ဖြေဆိုခဲ့သည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်းက ပြောဆိုသည်။

အဆိုပါ မှုခင်းသတင်းထောက် အဖွဲ့ကို ဖွဲ့စည်းထားသည်မှာ ခန့်မှန်းခြေ ၄ လခန့်ရှိနေပြီး လူအင်အား ၇၀ ခန့်ရှိနေသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly