အကြမ်းဖက်ဝါဒ အားပေးသူ ကာတာနဲ့ သံတမန်အဆက်အသွယ်ဖြတ်တောက်ကြောင်း နိုင်ငံလေးနိုင်ငံ ကြေညာ

အကြမ်းဖက်ဝါဒ အားပေးသူ ကာတာနဲ့ သံတမန်အဆက်အသွယ်ဖြတ်တောက်ကြောင်း နိုင်ငံလေးနိုင်ငံ ကြေညာ

ဇွန် ၅ ။              ။ ဒေသတွင်း မတည်မငြိမ်မှုတွေကို ဖန်တီးပေးနေတဲ့ အိမ်နီးချင်း ကာတာနိုင်ငံနဲ့အကြား သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်းနဲ့ ပင်လယ်ကွေ့နိုင်ငံလေးနိုင်ငံ အုပ်စုက ဇွန်လ ၅ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အလားတူ ဒေသတွင်းအကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ စစ်ရေးညွန့်ပေါင်းအဖွဲ့ကပါ ကာတာကို ထုတ်ပစ်လိုက်ပြီဖြစ်ကြောင်း   ကြေညာသွားခဲ့ပါတယ်။

သဘာဝဓာတ်ငွေ့ကြွယ်ဝသူ ကာတာနဲ့ အကြား သံတမန် ဆက်ဆံမှုကို ဖြတ်တောက်လိုက်ပြီ ဖြစ်တယ်လို့ ကြေညာလိုက်တဲ့ နိုင်ငံလေးနိုင်ငံကတော့ ပင်လယ်ကွေ့နိုင်ငံတွေဖြစ်ကြတဲ့ ဆော်ဒီအာရေးဗျ၊ ဘာရိန်း၊ ယူအေအီးတို့နဲ့အတူ အီဂျစ်တို့ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ တရားဝင်သတင်းအေဂျင်စီက ထုတ်ပြန်ရာမှာတော့ အကြမ်းဖက်မှု၊ အစွန်းရောက်မှု အန္တရာယ်တွေကနေ မိမိတို့ရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်နိုင်အောင်လို့ ယခုလို အိမ်နီးချင်း ကာတာနဲ့ သံတမန်ဆက်ဆံမှု ဖြတ်ပြီး နယ်စပ်တွေကို ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အီဂျစ်ကလည်း ကာတာလေကြောင်းလိုင်းတွေ ဝင်ထွက်နေတဲ့ လေဆိပ်တွေအပြင် ဆိပ်ကမ်းတွေကိုပါ ပိတ်သိမ်းထားလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားသွားခဲ့ပါတယ်။

ကာတာနိုင်ငံအနေနဲ့ ယီမင်မှာ ရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးထောက်ခံနေတယ်လို့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအုပ်စုက စွပ်စွဲထားခဲ့ပါတယ်။

ယခုလို ဒေသတွင်း အကွဲအပြဲဖြစ်စဉ်တွေ ထွက်ပေါ်လာချိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်ကတော့ ပင်လယ်ကွေ့နိုင်ငံတွေအနေနဲ့ မတူညီမှုတွေကို ဖြေရှင်းသွားဖို့နဲ့ ဆက်လက်ပြီး ညီညွတ်မှု ရှိရေး တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required