လမ်းရေမြှုပ်နေစဉ် YBS နှင့် ရပ်ကွက်သားများ ရုန်းရင်းဆန်ခတ်ဖြစ်

လမ်းရေမြှုပ်နေစဉ် YBS နှင့် ရပ်ကွက်သားများ ရုန်းရင်းဆန်ခတ်ဖြစ်
ဓာတ်ပုံ-မျိုးခိုင်အောင် (CJ)

ရန်ကုန်၊ ဇွန် ၄ ။            ။ ယနေ့ ဇွန်လ ၄ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် Ocean Center အနီး အရှေ့ရွှေဂုံတိုင်လမ်းတွင် ရေကြီးရေမြှုပ်နေစဉ် YBS တစ်စီးမှ အရှိန်နှင့်ဖြတ်သွားမှုကြောင့် ရပ်ကွက်သားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။

ဖြစ်စဉ်မှာ YBS ယာဉ်လိုင်းအမှတ် ၂၀ မှ ယာဉ်တစ်စီးသည် ရေအနက်တွင် အရှိန်ဖြင့် ဖြတ်မောင်းရာ လမ်းနံဘေးအိမ်များရှိ လူများ ရေအရှိန်ဖြင့် ပြိုလဲ ထိခိုက်သဖြင့် ဆက်မမောင်းရန် တားဆီးသော်လည်း မရပ်ဘဲ ဆက်လက်မောင်းနှင်သောကြောင့် ရပ်ကွက်သားများက ကားပေါ်သို့ တက်ရောက်တားဆီးခဲ့သည်။

ထိုသို့တားဆီးစဉ် ယာဉ်မောင်းနှင့် အပြန်အလှန်ပြောဆိုခဲ့ကာ "ယာဉ်ကို ပြန်ကွေ့ကာ ယခုထိခိုက်မှုများကို YBS ယာဉ်မှ တာဝန်ယူပေးမည်" ဟု ယာဉ်မောင်းက ပြောဆိုသည်။

အဆိုပါ ရပ်ကွက်နေ ကိုသန်းနိုင်က " ဒီကားက အတင်းဖြတ်တာ။ ဖြတ်တော့ သူ့ဆီကရေအရှိန်နဲ့ ကျွန်တော့်အမက အမှိုက်ဆယ်နေရင်း ပစ်လဲသွားတယ်။ ဒါနဲ့ မမောင်းနဲ့ ၊ မမောင်းနဲ့ ဝိုင်းအော်ကြတာကို သူက မရပ်ဘူး။ မရပ်တော့ လူတွေက အတင်းတားကြတာ" ဟု ပြောသည်။

ယနေ့ ဇွန်လ ၄ ရက်တွင် နေ့လည် ၁၂ ခွဲမှ မွန်းလွဲ ၃ နာရီကျော်အထိ ဆက်တိုက်မိုးရွာသွန်းခဲ့ရာ တာမွေ၊ Ocean အနီး၊ စမ်းချောင်း၊ မြေနီကုန်း၊ လှိုင်၊ မရမ်းကုန်းအပါအဝင် နေရာ အများစု ရေကြီးရေလျှံခြင်း ဖြစ်ပေါ်ခဲ့ပြီး အချို့နေရာများတွင် လူကြီးခါးအမြင့်ထိ ရေကြီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly