မြန်မာနိုင်ငံ ရေဘေးဒုက္ခအတွင်း သေဆုံးသူ ၄၇ ဦးရှိ၊ သေဆုံးသူဦးရေထပ်တိုးလာနိုင်ကြောင်း ကုလသမဂ္ဂစိုးရိမ်နေ

မြန်မာနိုင်ငံ ရေဘေးဒုက္ခအတွင်း သေဆုံးသူ ၄၇ ဦးရှိ၊ သေဆုံးသူဦးရေထပ်တိုးလာနိုင်ကြောင်း ကုလသမဂ္ဂစိုးရိမ်နေ
စစ်ကိုင်းတိုင်းကလေးမြို့ပေါ်တွင် ရေကြီးရေလျှံမှုမြင်ကွင်းအား သြဂုတ် ၁ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်း၍ ရေကြီးမြေပြိုမှုများ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိရာ ယင်းသဘာဝဘေးအတွင်း သေဆုံးသူဦးရေထပ်တိုးလာနိုင်သည်ဟု စိုးရိမ်လျက် ကုလသမဂ္ဂက သြဂုတ် ၂ ရက်တွင် သတိပေးထားသည်။

ရေကြီးမှုဘေးအတွင်း သေဆုံးသူဦးရေသည် ၄၇ ဦးရှိသွားပြီဖြစ်ပြီး ရေဘေးဒုက္ခကို ခါးစည်းခံနေရသည့် ပြည်သူပေါင်း တစ်သိန်းခွဲကျော်ထက်မနည်းရှိကြောင်း အစိုးရတာဝန်ရှိသူများနှင့် မီဒီယာသတင်း များတွင် ဖော်ပြသည်။

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ရေဘေးကြုံတွေ့နေရသည့် ပြည်သူပေါင်းမှာ ၁၆၆,၀၀၀ ကျော်အနည်းဆုံး ရှိကြောင်းအေအက်ဖ်ပီသတင်း ဌာနသို့ပြောခဲ့သည်။

ရေကြီးမှုများအတွင်း သေဆုံးသူနှင့် ရေဘေးသင့်ပြည်သူဦးရေသည် ပိုမိုများပြားနိုင်ကြောင်း၊ မြေပြင်ကွင်းဆင်းသည့် အဖွဲ့များမှ သတင်းများ မရောက်ရှိသေး၍ ရေဘေးဒုက္ခသင့်ပြည်သူ မည်မျှအထိများပြား မည်ကို မသိနိုင်သေးခြင်းဖြစ်ကြောင်း ကုလသမဂ္ဂမှ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာပူးပေါင်းအဖွဲ့အစည်း OCHA က ပြောသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ရေဘေးကြုံတွေ့နေစဉ် ပါကစ္စတန်ရေကြီးမှုအတွင်းလည်း သေဆုံးသူ ၁၀၀ ကျော်သွားပြီး ရေဘေးဒုက္ခ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူပေါင်း ခုနစ်သိန်းနီးပါးရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly