နတ်​တလင်​းမြို့နယ် စည်​ပင်​​ကော်​မတီကို အသစ်​ပြန်​လည်​ဖွဲ့စည်​းရန်​ ဆန္ဒပြ

နတ်​တလင်​းမြို့နယ် စည်​ပင်​​ကော်​မတီကို အသစ်​ပြန်​လည်​ဖွဲ့စည်​းရန်​ ဆန္ဒပြ

နတ်တလင်း၊ ဇွန်လ ၄ ။             ။  ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် မကြာသေးမီက ရွေးချယ်ဖွဲ့စည်းခဲ့သည့် စည်ပင်သာယာရေးကော်မတီကို အသစ်တဖန်ပြန်လည်ရွေးချယ်ဖွဲ့စည်းပေးရန် ဇွန်လ ၄ ရက်က ဆန္ဒဖော်ထုတ်ခဲ့သည်။

 မေလ ၂၉ ရက်က နတ်တလင်းမြို့နယ်တွင် စည်ပင်ကော်မတီ ရွေးချယ်ပွဲပြုလုပ်ခဲ့ရာ ကိုယ်စားလှယ်လောင်း၂၁ ဦး ရှိသည့်အနက် ၉ ဦးက ကန့်ကွက်၍ ထပြန်သွားပြီး ကျန် ၁၂ ဦးဖြင့် ရွေးချယ်ပွဲ ဆက်လက်ပြုလုပ်ခဲ့သည်။ မဲပေးမှုရလဒ်အရ တာပွန်မြို့မှ ဦးကျော်စိုးမိုး ၁၀ မဲ ၊ နတ်တလင်းမြို့နယ်မှဒေါ်သီတာအောင် ၉မဲ ၊ တာပွန်မြို့နယ်မှ ဦးဇာနည်အောင် ၅ မဲ ဖြင့် အသီးသီးရွေးချယ်ခံခဲ့ရသည်။

 အဆိုပါရွေးကောက်ပွဲသို့ တာပွန်မြို့မှ ၉ ဦး နတ်တလင်းမြို့နယ်မှ ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တာပွန်မြို့ မှ ရွေးချယ်ရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး သုံးဦးသည် ၎င်းတို့ မြို့မှ ကိုယ်စားလှယ်များ အောင်နိုင်ရေး မဲဆွယ်စည်းရုံး ပြုလုပ်ခဲ့သည့်အတွက် ရွေးချယ်ပွဲမှ နှုတ်ထွက်ကာ ၊ ဆန္ဒ ပြရခြင်းဖြစ် ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။

 " တာပွန်မြို့နယ်စည်ပင်သာယာရေးကော်မရှင် အတွင်းရေးမှူးများ စည်းမျဉ်းစည်းကမ်းချိုး ဖောက်တာကို ပြန်လည်စိစစ်ပေးဖို့တင်ပြပေမဲ့ ငြင်းဆိုခံခဲ့ရတယ်။ ကျနော်တို့ကိုယ်စားလှယ် ကိုးဦးက   ရွေးချယ်ခြင်း ပြန်လည်ပြုလုပ်မပေးရင် လက်မခံဘူးဆိုပြီး နှုတ်ထွက်လာခဲ့တယ်။ အများက လက်ခံတဲ့ စည်ပင်ကော်မတီဝင်တွေ ရရှိဖို့ မြို့နယ်စည်ပင်ရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်း ပေးဖို့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုထွန်းမြတ်မင်း က ဆိုသည်။

ရွေးကောက်ခံကိုယ်စားလှယ်များအား ၇ ရက်အတွင်း ငွေတစ်သိန်းစီ တင်သွင်းကန့်ကွက်နိုင် သော်လည်း ဆန္ဒပြသူများအနေဖြင့် ယခုအချိန်အထိ တရားဝင်ကန့်ကွက်တင်ပြခြင်းမရှိဘဲ နှုတ်ဖြင့်သာ ကန့်ကွက်ထားသည်ဟု နတ်တလင်းစည်ပင်ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

“ရွေးကောက်ပွဲပြီးလို့ စာတင်လာမလားစောင့်ကြည့်တော့လည်း တင်မလာဘူး။ တရားနည်းလမ်းကျ တင်ပြလာရင်တော့ ဥပဒေနဲ့အညီလုပ်ပေးမှာပါ”ဟုဆိုသည်။

ထိုနေ့မနက် ၈ နာရီခွဲအချိန်က နတ်တလင်းမြို့နယ် ရွာမရပ်ကွက် တာပွန်လမ်းနှင့် သရက်တောကျောင်းလမ်းဆုံ (ဘုံဆိုင်ကြီးဂွ)တွင် လူအင်အား ၈၀ ခန့်စုဝေးကာ  တာပွန်လမ်း ၊ ဗိုလ်ရုံလမ်း ၊ ရန်ကုန်ပြည်လမ်း ၊ ကန်ကြီးလမ်း ၊ ဗိုလ်ချုပ်လမ်းများအတိုင်း ချီတက်ခဲ့ပြီး မြို့မရပ်ကွက် ရန်ကုန်-ပြည်လမ်းရှိ မီးရထားဘူတာရုံရှေ့တွင် ဆန္ဒဖော်ထုတ်မှုကို ရပ်နားခဲ့သည်။

ဆန္ဒပြသူများသည်အများဆန္ဒနှင့် မညီသောစည်ပင်ကော်မတီ အလိုမရှိ ၊ ပြည်သူမကြိုက်သော စည်ပင်ကော်မတီ အသစ် ဖျက်သိမ်းပစ် ၊ ပြည်သူလိုလားသူများအား ပြန်လည် ရွေးချယ်ပေးရေး တို့အရေး ဟူ သောကြွေးကြော်သံများကြွေးကြော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required