လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၆ဦးအထိရှိလာပြီး တရားခံ၃ဦး ပစ်သတ်ခံရ

လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၆ဦးအထိရှိလာပြီး တရားခံ၃ဦး ပစ်သတ်ခံရ

လန်ဒန် ဂျွန် ၄ ။            ။ လန်ဒန်မြို့တွင် စနေနေ့ညကဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၆ဦးအထိရှိလာပြီး အနည်းဆုံး လူပေါင်း၃၀ခန့် ဒဏ်ရာရရှိခဲ့ကာ ကျူးလွန်ခဲ့သော တရားခံ ၃ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း စကော့တလန်ယာ့ဒ်မှ တနင်္ဂနွေနေ့တွင် အတည်ပြုခဲ့သည်။

ဗြိတိန်မြို့တော် လန်ဒန်တွင် စနေနေ့ညက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း တရားခံ ၃ ဦးအပါအဝင် သေဆုံးသူ ၉ ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ ၃၀ ခန့်ကို ဆေးရုံး ၆ခုသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း လန်ဒန်အရေး ပေါ်ဌာနမှ ပြောကြားခဲ့သည်။

လန်ဒန်မြို့တော်ရဲတပ်ဖွဲ့မှ လက်ထောက်ရဲမင်းကြီး မာ့ခ်ရိုလေက ပစ်သတ်ခဲ့ရသော တရားခံဟု သံသယရှိရသူ ၃ဦးသည် လန်ဒန်တံတားနှင့် ဘိုရိုဈေးတို့တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ကျူးလွန်ခဲ့သည်ဟု လန်ဒန်ရဲ တပ်ဖွဲ့မှ ယုံကြည်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့သော်လည်း ၁၀၀ ရာခိုင်နှုန်းခန့် တိကျသေချာစေရန် စုံစမ်းစစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်သွားဦးမည် ဖြစ်ကြောင်း ပြောခဲ့သည်။

စကော့တလန်ယာ့ဒ်မှလည်း ၎င်းတို့၏တရားဝင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ချက်ထဲ၌ ဒေသစံတော်ချိန် စနေနေ့ည ကိုးနာရီခန့်တွင် ကားတစ်စီးသည် လမ်းသွားလမ်းလာများကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကို သတင်းပို့ခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ခိုက်မှုပြီးနောက်တွင် သံသယရှိရသူ တရားခံများသည် ကားကိုစွန့်ပစ်၍ ထိုနေရာအနီးတဝိုက်မှ လူများနှင့် ရဲအရာရှိတစ်ဦးကို ဓားဖြင့်ထိုးခဲ့သောကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အဆိုအရသိရသည်။

လက်နက်ကိုင်ရဲအရာရှိများက ထိုဖြစ်ရပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာ ကိုင်တွယ်ခဲ့ကြပြီး တရားခံအမျိုးသား ၃ဦး ကို ရင်ဆိုင်ကာ ဘိုရိုဈေးတွင် ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ရဲတပ်ဖွဲ့သည် မြို့သူမြို့သားများအား လန်ဒန်တံတားနှင့် ဘိုရိုဈေးအနီးပတ်ဝန်းကျင်ကို ရှောင်ရှားသွားရန် ထပ်မံ တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required