လန်ဒန်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ

လန်ဒန်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ

လန်ဒန် ဂျွန် ၄  ။              ။ လန်ဒန်မြို့တွင် စနေနေ့ညက ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ၂ခုကြောင့် အနည်းဆုံးလူတစ်ဦးသေဆုံး ခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သော တတိယမြောက် တိုက်ခိုက်မှုသည် ပထမနှစ်ခုနှင့် ဆက်စပ်မှုမရှိကြောင်း ရဲများက စုံစမ်းတွေ့ရှိခဲ့သည်။

ပထမအကြိမ် အကြမ်းဖက်တိုက်ခိုက်မှုသည် လန်ဒန်တံတား၌ ဖြစ်ပွားခဲ့ပြီး ဗင်ကားတစ်စီးသည် လမ်းသွားလမ်း လာများကို ဝင်တိုက်ခဲ့ကြောင်း သိရသည်။ ဒုတိယတိုက်ခိုက်မှုသည် ဘိုရိုဈေးအနီးတွင် ဖြစ်ပွားခဲ့ပြီး စုံစမ်းစစ်ဆေးချက်အရ ဓား၊ သေနတ်တို့ဖြင့် တိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရသည်။ တတိယဖြစ်ရပ်သည် လန်ဒန်တောင်ပိုင်း ဗောက်စ်ဟောလ်ရပ်ကွက်ထဲတွင်   ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လန်ဒန်တံတားပေါ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှာ မျက်မြင်သက်သေများ၏အဆိုအရ အဖြူရောင်ဗင်ကားတစ်စီး သည် ဒေသစံတော်ချိန် ည ၉နာရီခွဲ၌ လမ်းလျှောက်နေသော လူအုပ်ကြီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲအရာရှိ နစ်ခ်ဘရန်ဒွန်၏ တင်ပြချက်အရ လန်ဒန်တံတားပေါ်ရှိ ကားတိုက်မှုအပြီးတွင် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း သိရသည်။ မျက်မြင်သက်သေများ၏ အဆိုအရ ဗင်ကားသည် လန်ဒန်မြို့လယ် ခေါင်မှ လာခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီးတွင် လူ ၆ ဦးခန့်ကို အရေးပေါ်ဆေးကုသပေးခဲ့ရကြောင်း သိရသည်။

စကော့တလန်ယာ့ဒ်က ၎င်းတို့သည် ဓားထိုးမှုဖြစ်ပွားခဲ့သော ဘားများနှင့် စားသောက်ဆိုင်များပြည့်နှက်နေ သည့် လန်ဒန်တံတားအနီးရှိ ဘိုရိုဈေးထဲ၌ လက်နက်ကိုင်ရဲသားများကို တပ်ဖြန့်ချထားကြောင်း ပြောခဲ့သည်။

ဗောက်စ်ဟောလ်ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော တတိယမြောက်ဖြစ်စဉ်မှာ ကနဦအကြမ်းဖက်ဖြစ်ရပ်များနှင့် စပ်ဆက်မှုမရှိကြောင်း ရဲတပ်ဖွဲ့က သတင်းပေးပို့ခဲ့သည်။ လန်ဒန်ရဲတပ်ဖွဲ့က ၎င်းတို့၏ တွစ်တာစာမျက်နှာ၌ ဗောက်စ်ဟောလ်မှာ ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုဟာ လန်ဒန်တံတားနဲ့ ဘိုရိုဈေးတို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ဆက်စပ်မှု မရှိကြောင်း ရေးသားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် သရီစာမေသည် ကော်ဘရာအရေးပေါ်ကော်မတီနှင့် တနင်္ဂနွေနေ့တွင် အစည်းအဝေးပြုလုပ် သွားမည်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပက်သက်၍ ပြောဆိုဆွေးနွေးသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့မှ တနင်္ဂနွေနေ့တွင် အတည်ပြုခဲ့သည်။

လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းကလည်း အဆိုပါတိုက်ခိုက်မှုများသည် သူရဲဘောကြောင်သော လုပ်ရပ်များ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မန်ချက်စတာအကြမ်းဖက် တိုက်ခိုက်မှုပြီးကတည်းက ဗြိတိန်အစိုးရသည် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပက်သက်၍ တပ်လှုန့်နှိုးဆော်ထားပြီး ရဲတပ်ဖွဲ့ကို အကူအညီပေးရန် စစ်တပ်အား တပ်ဖြန့်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required