မော်ရင်ဟိုကို ပထမဆုံးအနိုင်ရခဲ့သည့် အာစင်ဝင်းဂါး

မော်ရင်ဟိုကို ပထမဆုံးအနိုင်ရခဲ့သည့် အာစင်ဝင်းဂါး

သြဂုတ် ၃၊ လန်ဒန် ။       ။ အာဆင်နယ်အသင်းသည် ကွန်မြူနတီဖလားပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့ရာ အာဆင်နယ်နည်းပြအာစင်ဝင်းဂါး အနေဖြင့် ချယ်လ်ဆီးနည်းပြမော်ရင်ဟို ကို ပထမဆုံးအကြိမ်အနိုင်ရလိုက်ခြင်းလည်းဖြစ်သည်။

အာစင်ဝင်းဂါးသည် မော်ရင်ဟိုနှင့်ယခင်က တွေ့ဆုံခဲ့သည့် ၁၃ ကြိမ်တွင်တစ်ကြိမ်မှ အနိုင်မရခဲ့ဖူးဘဲ ခုနစ်ပွဲရှုံးကာ ခြောက်ပွဲသရေကျထားခဲ့ သည်။

၂၀၁၄ ဖေဖော်ဝါရီတွင် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် ၎င်း၏ပြိုင်ဘက်ကို အထူးအရှုံးသမားဟုခေါ်ဆိုခဲ့ပြီး အောက်တိုဘာတွင် အာစင် ဝင်းဂါးသည် နည်းစနစ်ဧရိယာအတွင်း မော်ရင်ဟိုနှင့် ရင်ဆိုင်တွေ့ခဲ့သည်။

ယခုနှစ်ကွန်မြူနတီဖလားပွဲတွင် အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းကို အနိုင်ရ ပြီး နှစ်ကြိမ်ဆက် ဖလားရယူနိုင်ခဲ့သည်။

အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၂၄ မိနစ်တွင် ချိန်ဘာလိန်က ဘယ်ခြေဖြင့်အပြင်းကန်သွင်းပြီး ရယူပေးခဲ့ ခြင်းဖြစ်သည်။

ပွဲချိန်ပထမပိုင်းတွင် ရီမီ၏ဖြတ်တင်ဘောကို ရာမီးယက်စ်အပိုင်ခေါင်းတိုက်ခဲ့သော်လည်း လွဲချော်ခဲ့၍ ချယ်လ်ဆီးအသင်းချေပဂိုးနှင့် ဝေးခဲ့ရ သည်။ ဟက်ဇက်နှင့် အော်စကာတို့၏ကန်ချက်များလည်း လွဲချော်ခဲ့သည်။

အာဆင်နယ်ဂိုးသမားသစ် ပီတာချက်သည်လည်း အသင်းဟောင်း ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ကစားသွားခဲ့သည်။ ပွဲအပြီးတွင်အကောင်းဆုံးကစားသမားဆုကို အာဆင်နယ် အသင်းမှ ချိန်ဘာလိန်က ရရှိခဲ့သည်။

"ကျွန်တော်တို့ဒီနေ့မှာ ရုပ်ပိုင်းဆိုင်ရာခံစားခဲ့ရပြီး ကွင်းကလည်းကောင်းမနေခဲ့ပါဘူး။ ဒါပေမဲ့အားလုံးခြုံကြည့်ရင်တော့ ရာသီကြိုကာလမှာ ကျစ်လျစ်နေတဲ့ခံစစ်အတွက်တော့ ကောင်းတယ်လို့ဆိုရမှာပါ။ ရာသီကြိုကာလကတော့ ကောင်းကောင်းပြီးသွားခဲ့ပါပြီ။ ဝီလ်ရှီးယားဒဏ်ရာ ရခဲ့တာကလွဲလို့ လက်ရှိအချိန်မှာ ဒဏ်ရာကြီးကြီးမားမားလည်း မရှိပါဘူး"ဟု အာစင်ဝင်းဂါးက ပြောသည်။

ချယ်လ်ဆီးနည်းပြမော်ရင်ဟိုက "ကျွန်တော်တို့အကောင်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ အာဆင်နယ်က ဂိုးဧရိယာရှေ့မှာတစ်သင်းလုံး ပိတ်ကစားခဲ့ပြီး စုစည်းမှုကောင်းတဲ့အသင်းပါ။ သူတို့ကို ဂုဏ်ပြုပါတယ်။ ဒီနှစ်ပရီးမီးရီးယားလိဂ် ဖလားက အသင်းတိုင်းအတွက်ခက်ခဲမှာပါ"ဟု ပြောကြားခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly