ကစားသမားဘဝ ဂိုး ၆၀၀ ပြည့်သွင်းယူခဲ့တဲ့ စီရော်နယ်ဒို

ကစားသမားဘဝ ဂိုး ၆၀၀ ပြည့်သွင်းယူခဲ့တဲ့ စီရော်နယ်ဒို

ဇွန် ၄၊ ကာဒစ်ဖ် ။             ။ ရီးယဲလ်အသင်းက ဂျူဗင်တပ်စ်အသင်းကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် စီရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ သွင်းဂိုး ၆၀၀ ပြည့်မြောက်သွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဒီသွင်းဂိုးနှစ်ဂိုးကြောင့်ပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီစတီဖာနိုပြီးတဲ့နောက် မတူညီတဲ့အသင်းနှစ်သင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲသုံးပွဲမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ရပါတယ်။ (၂၀၀၈ မန်ယူ၊ ၂၀၁၄ ရီးယဲလ်)

သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုးဟာ ၁၀၅ ဂိုးမြောက် ချန်ပီယံလိဂ်သွင်းဂိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုဟာ ဒုတိယနေရာက ၉၄ ဂိုးသွင်းယူထားတဲ့ မက်ဆီကို နောက်ကောက်ချထားပြီး ချန်ပီယံလိဂ်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ဒါ့အပြင် ဒီဒုတိယမြောက်သွင်းဂိုးဟာ ဒီနှစ်ပြိုင်ပွဲမှာ စီရော်နယ်ဒိုရဲ့ ၁၂ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရွှေဖိနပ်ဆုကို ရရှိတော့မှာ ဖြစ်ပါတယ်။

ဒီဗိုလ်လုပွဲစဉ်မှာ ရီးယဲလ်အသင်း အနိုင်ရခဲ့တာကြောင့် စီရော်နယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ဖလားကို လေးကြိမ်မြောက် ရယူနိုင်ခဲ့ပြီး ဆီးဒေါ့ဖ်၊ မက်ဆီတို့ရဲ့စံချိန်နဲ့တူညီသွားပြီဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ရီးယဲလ်အသင်းအတွက် ၄၀၆ ဂိုး၊ မန်ယူအသင်းအတွက် ၁၁၈ ဂိုး၊ စပို့တင်းလစ္စဘွန်းအသင်းအတွက် ၅ ဂိုး၊ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၇၁ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အရေးပါတဲ့ အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂ နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းသာမိတယ်လို့ စီရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required