မုန်တိုင်းကြောင့် ပြိုလဲသွားသည့် လျှပ်စစ်လိုင်းများအား ရ၀ ရာခိုင်နှုန်း ပြုပြင်ပြီးစီး

မုန်တိုင်းကြောင့် ပြိုလဲသွားသည့် လျှပ်စစ်လိုင်းများအား ရ၀ ရာခိုင်နှုန်း ပြုပြင်ပြီးစီး
ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ ဇွန် ၃ ရက်။             ။ ရခိုင်ပြည်နယ်အတွင်း မေလ ၂၉ ရက်နေ့ ညနေ ၁၀ နာရီအချိန်မှ မေလ ၃၀ ရက်နေ့ နံနက်အချိန်ထိ အဖျားခတ်တိုက်ခတ်ခဲ့သော မိုရာဆိုက်ကလုန်းမုန်တိုင်းကြောင့် ဓာတ်တိုင် ၁၀၀ ကျော် ကျိုးပျက်သွားခဲ့ရာ ၇၀ ရာခိုင်နှုန်း ပြုပြင်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြုပြင်ရာတွင် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး နောက် ၃ ရက်အတွင်း အကုန်လုံးမီးပြန် လည်ရရှိအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျာက   ပြောသည်။

အဆိုပါမုန်တိုင်းကြောင့် လျှပ်စစ်မီးတိုင်များ ပျက်စီးမှုအခြေအနေမှာ စစ်တွေခရိုင်တွင် ကျိုးပြတ်သွားသည့်တိုင်ပေါင်း ၃၀ ခန့်နှင့် ပြိုလဲသွားသည့်တိုင်ပေါင်း ၄၀ ခန့်ရှိကြောင်း၊ မောင်တောခရိုင်တွင် ၆၅ တိုင်ခန့်ကျိုးပြတ်သွားပြီး ကျောက်တော် မြို့တွင် ၁၀ တိုင်၊ မြောက်ဦးမြို့နယ်တွင် ၂ တိုင်ခန့်ဖြစ်ကာ သစ်ပင်များလဲပြိုမှုကြောင့် ကြိုးများပြတ်တောက်မှုများလည်း အများအပြားရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အကုန်လုံးမီးရအောင် အမြန်ဆုံးပြုပြင်နေပါတယ်။ မောင်တောနဲ့ စစ်တွေမှာက ဓါတ်တိုင်ပျက်စီးတာ အများဆုံးပါပဲ။ အခုက ၇၀ ရာခိုင်နှုန်းလောက် မီးရရှိနေပါပြီ။ နောက် ၃ ရက်လောက်ဆိုရင်တော့ အကုန်လုံး မီးရရှိတော့မှာပါ”ဟု ပြည်နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး အင်ဂျင်နီယာ ဦးကြီးဇေယျာက ပြောသည်။

ထို့ကြောင့် ပျက်စီးသွားသည့် လျှပ်စိုက်လိုင်းများနှင့် ဓါတ်တိုင်များကို ပြန်လည်ပြုပြင်ရာတွင် သစ်ပင်များအောက်တွင် ဝင်ပါနေသည့်အတွက် အလွယ်တကူပြုပြင်နိုင်ခြင်းမရှိသည့်အတွက် အချိန်ကြာမြင့်နေခြင်းဖြစ်ကာ မြို့ပေါ်နေရာများတွင် လျှပ်စစ်မီးရရှိရန်အတွက် ဦးစားပေးဆောင်ရွက်ပြီးမှ ကျေးရွာများရှိ တိုင်များ၊ လိုင်းများကို ပြုပြင်ပေးမည်ဖြစ်ကြောင်း သိရသည်။

လျှပ်ဓါတ်အားပေးလိုင်များ ပျက်စီးမှုအများဆုံးမှာ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်းဖြစ်ပြီး ယင်းမြို့နယ်များမှာ မုန်တိုင်းဖြတ်သန်းသွားသည့် ပင်မလမ်းကြောင်းဖြစ်သဖြင့် အခြားသော ပျက်စီးမှုများမှာလည်း များပြားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly