အိုင်ယာလန်ဝန်ကြီးချုပ်သစ်အဖြစ် လိင်တူချစ်သူ လီယို ဗာရက်ဒ်ကာ ရွေးချယ်ခံရ

အိုင်ယာလန်ဝန်ကြီးချုပ်သစ်အဖြစ် လိင်တူချစ်သူ လီယို ဗာရက်ဒ်ကာ ရွေးချယ်ခံရ

ဇွန် ၃ ။          ။ အိုင်ယာလန် အာဏာရ Fine Gael ပါတီရဲ့ ပါတီတွင်းခေါင်းဆောင်ရွေးချယ်မှုမှာတော့ အိန္ဒိယနွယ်ဖွား လိင်တူစုံမက်သူတစ်ဦးကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ ဇွန်လ ၂ ရက်က ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရတဲ့ လီယို ဗာရက်ဒ်ကာ ဟာဆိုရင် နိုင်ငံရဲ့ ပထမဆုံးသော လိင်တူချစ်သူ ဝန်ကြီးချုပ်တစ်ဦး ဖြစ်လာဖို့ ရှိနေပြီ ဖြစ်ပါတယ်။

Fine Gael ပါတီကို ၁၅ နှစ်ကြာ ဦးဆောင်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ်ရာထူးကနေပါ ဆင်းပေးတော့မယ့် အန်ဒါ ကန်နီရဲ့ နေရာမှာ  ယခု ပါတီတွင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လီယို ဗာရက်ဒ်ကာက အစားထိုးထမ်းဆောင်သွားရဖို့ရှိနေပြီ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်လာဖို့ရှိနေတဲ့ အသက် ၃၈ နှစ်ရှိ ဗာရက်ဒ်ကာ ဟာ ပါတီတွင်း ခေါင်းဆောင်ရွေးချယ်မှုမှာတော့ ပြိုင်ဘက် ဆိုင်မွန် ကိုဗန်နီကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ယခုလို ဗာရက်ဒ်ကာကို ရွေးချယ်ခဲ့ရာမှာတော့ အစဉ်အလာကို ချိုးဖောက်မှုတွေကိုပါ တွေ့မြင်ခဲ့ရပြီး ၎င်းဟာ ယခင်ခေါင်းဆောင်တွေလို အိုင်ယာလန်နွယ်ဖွားစစ်စစ် တစ်ဦးမဟုတ်ဘဲ ဖခင်ဖြစ်သူဟာ အိန္ဒိယဆရာဝန်တစ်ဦး ဖြစ်နေလို့ပဲဖြစ်ပါတယ်။

ယခု ပါတီတွင်း ရွေးချယ်မှုအပြီး လာမယ့် ဇွန်လ ၁၂ ရက်မှာ ပြုလုပ်မယ့် ပါလီမန်ညီလာခံမှာတော့ ၎င်းကို နိုင်ငံရဲ့ဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြုခန့်အပ်သွားဖွယ် ရှိနေပါတယ်။

ယခုလို ပါတီရဲ့ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရပြီး မိန့်ခွန်းပြောကြားရာမှာတော့ ၎င်းအနေနဲ့ ခုလို ပါတီရဲ့ ရွေးချယ်မှုအပေါ် များစွာ ဂုဏ်ယူမိကြောင်းနဲ့ ရှေ့မှာ ကြုံရမယ့် စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly